Disney နှင့် Marvel တို့မှထုတ်လုပ်သော Black Panther စူပါဟီရိုးရုပ်ရှင်သည် ဒုတိယပတ်ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၈ သန်းရရှိခဲ့ပြီး ယခုအပတ်မြောက်အမေရိက ရုံဝင်ငွေဇယား Box Office တွင် ထိပ်ဆုံးနေရာမှ ဆက်လက်အောင်ပွဲခံနိုင်ခဲ့သည်။
ထို့ကြောင့် Black Panther သည် Star Wars: The Force Awakens ပြီးနောက် ဒုတိယအပတ်ရုံဝင်ငွေ အများဆုံးရရှိသည့် ရုပ်ရှင်တစ်ခုဖြစ်လာခဲ့သည်။
ချက်ဒ်ဝတ်ခ်ဘို့စ်မန်းဦးဆောင်ပါဝင်သော Black Panther ဇာတ်ကားသည် ယခုအခါတွင် ပြသထားသည့် ၁၀ရက်အတွင်း အမေရိကန်ပြည်တွင်း ရုံဝင်ငွေ ဒေါ်လာသန်း ၄၀၀ အထိရရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတကာမှရုံဝင်ငွေ ၃၀၄ အထိရရှိထားသည်။
Marvel ရုပ်ရှင်၏ ၁၈ကားမြောက်ဖြစ်သော Black Panther ဇာတ်ကားကို ဒါရိုက်တာရိုင်ယန်ကူဂလာက ရိုက်ကူးထားပြီး ဝင်ငွေပိုင်းအရအောင်မြင်ယုံသာမက ဝေဖန်ရေးဆရာများ၏ ကောင်းမွန်သောမှတ်ချက်များကို ရရှိထားသည်။
Black Panther ရုပ်ရှင်တွင် ချက်ဒ်ဝတ်ခ်ဘို့စ်မန်းအပြင် အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်သော မိုက်ကယ်ဘီဂျော်ဒန်၊ လူပီတာနွယ်ယွန်အို၊ ဒါနိုင်းဂူရီယာ၊ မာတင်ဖရီးမန်း၊ ဒန်နီရယ်ကာလူယာနှင့် လီတီတီယာ ရိုက် တို့လည်းပါဝင်အားဖြည့်ထားသည်။
ယခုအပတ် အမေရိကန် Box Office ရုံဝင်ငွေဇယား၏ ထိပ်ဆုံးငါးနေရာ၌ Black Panther က ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်း၏နောက်တွင် Game Night ၊ Peter Rabbit ၊ Annihilation နှင့် Fifty Shades Freed တို့က အစဉ်အတိုင်း ရပ်တည်လျက်ရှိသည်။
Ref: Reuters