အမေရိကန်ပေါ့ပ်အဆိုတော်မလေး အာရီရာနာဂရန်ဒီသည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် နှစ်စဉ်ကျင်းပနေကြဖြစ်သော ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲ (The Brit Awards) ၌ မန်ချက်စတာဗုံးပေါက်ကွဲမှု အတွင်း နစ်နာဆုံးရှုံးခဲ့ရသူများအား ရည်စူးဂုဏ်ပြုရန် ကနဦးကစီစဉ်ထားခဲ့သော်လည်း အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ရသည်။
လွန်ခဲ့သော ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က မန်ချက်စတာမြို့ရှိ အားကစားကွင်း၌ပြုလုပ်ခဲ့သော အာရီရာနာ ဂရန်ဒီ၏ ဖျော်ဖြေပွဲအတွင်း ဗုံးပေါက်ကွဲခဲ့ပြီး လူပေါင်း ၂၃ ဦးခန့်သေဆုံးကာ လူအများအပြားဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ထိခိုက်နစ်နာခဲ့ရသူများအား အောက်မေ့သတိရသည့်အနေဖြင့် ဆုပေးပွဲ၌ဖျော်ဖြေရန်စီစဉ်ထားသော် လည်း ဆရာဝန်များက သူမအား ခရီးမသွားဖို့ ညွှန်ကြားထားခဲ့သောကြောင့် ယခုလိုလွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း Brit Awards ဆုပေးပွဲ၏ ပွဲစီစဉ်သူ ဂီအော့ဖ်တေလာက ပြောခဲ့သည်။
“ကနဦးက အာရီရာနာဂရန်ဒီကို မန်ချက်စတာဖြစ်ရပ်ဆိုးအတွက် အောက်မေ့သတိရတဲ့အနေနဲ့ သီဆိုဖျော်ဖြေ ပေးဖို့ စာရင်းထဲထည့်ထားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် သူမခရီးထွက် ဖို့ အဆင်မပြေခဲ့ပါဘူး” ဟု ဂီအော့ဖ်တေလာက ဆိုခဲ့သည်။
ထု့ိကြောင့် အာရီရာနာဂရန်ဒီအစား အင်္ဂလိပ်အဆိုတော် လီယမ်ဂယ်လာဂါက ယင်းဆုပေးပွဲ၌ သီဆိုဖျော်ဖြေ ပေးခဲ့ကြောင်း သိရသည်။
Ref: BBC