ဖေဖော်ဝါရီလ ၁၄ ။ ။ မကွေးတိုင်းဒေသကြီး မကွေးမြို့ ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့) လူဦးရေ ၃၄၀၀ ကျော်ဖြင့် မြန်မာနိုင်ငံမြေပုံ ကို ပုံဖော်ကာ ဂင်းနစ် ကမ္ဘာ့စံချိန်သစ် တစ်ခု မှတ်တမ်းဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
လူ အယောက် ၃,၄၆၆ ပါဝင်ပြီး မြန်မာပြည်မြေပုံ ပုံဖော်ခဲ့ကြခြင်း ဖြစ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်ချိုးနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့ဝက်ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။
'' မကွေးတိုင်းဒေသကြီးဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်ဇာတိ နတ်မောက်မြို့ တည်ရှိရာ တိုင်းဒေသကြီးဖြစ်လို့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့တစ်လွှားမှာ လူသိများ ထင်ရှားတဲ့ ဒေသတစ်ခုဖြစ်သလို ဒီနေ့ပြုလုပ်တဲ့ ကမ္ဘာ့စံချိန်သစ် တစ်ခု ရေးထိုးမှု အခမ်းအနားကြောင့်လည်း မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ်မှာ ပိုမို ထင်ရှားစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ် ''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဖေဖော်ဝါရီလ ၁၂ ရက်က အဖွင့်မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ သရုပ်ဖော်ခြင်းကို တယ်လီနောမြန်မာမှ ဦးဆောင်ပြီး မကွေးမြို့မှ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး ခရိုင်အားကစားကွင်းအတွင်း၌ မြေပုံပုံဖော်မှုတွင် ပါဝင်ကြသော လူအင်အား ၃၄၆၆ ဦးစလုံးသည် အပြာရောင် ဝတ်ဆင်လျက် မြန်မာနိုင်ငံ မြေပုံအား ပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။