တောင်ကိုရီးယားမင်းသား လီမင်ဟိုက သူသည် ချစ်သူဟောင်းဖြစ်သူ ဆူဇီနှင့် ပြန်လည်လက်တွဲနေပြီဆိုသော ကောလဟာလများကို ငြင်းဆန်ခဲ့သည်။
လီမင်ဟို၏ အေဂျင်စီဖြစ်သော MYM Entertainment က “သူ့ကိုမေးမြန်းမှုတွေပြုလုပ်ပြီးတဲ့ အခါမှာတော့ သူနဲ့ ဆူဇီနဲ့ ပြန်လည်လက်တွဲနေပြီဆိုတဲ့ သတင်းတွေဟာ မမှန်ဘူးလို့ အတည်ပြုပေးနိုင်ပါပြီ။ ဒါ့အပြင် သူတို့နှစ်ဦး ချိန်းတွေ့ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေဟာလည်း မမှန်ပါဘူး” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒါ့အပြင် ဆူဇီ၏အေဂျင်စီဖြစ်သော JYP Entertainment ကလည်း “ သူမကို ကျနော်တို့ မေးမြန်းမှုတွေပြုလုပ် ခဲ့ပါတယ်။ သူတို့နှစ်ယောက် ပြန်တွဲနေပြီဆိုတဲ့သတင်းတွေက မမှန်ပါဘူး” ဟု သတင်းများကို တုံ့ပြန်ခဲ့သည်။
ထိုသို့ နှစ်ဖက်အေဂျင်စီများက ကြေညာချက်အသီးသီး ထုတ်ပြန်ရခြင်းမှာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တုန်းက အနုပညာမီဒီယာဖြစ်သော News1 က ဆူဇီနှင့် လီမင်ဟိုတို့သည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နေကြပြီဟု ဖော်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။
အခြားသတင်းတစ်ခုတွင်လည်း “လီမင်ဟိုနဲ့ ဆူဇီတို့ဟာ မကြာသေးခင်က ချိန်းတွေ့ခဲ့ကြပါတယ်။ သူတို့နှစ်ဦး ဟာ မကြာခဏဆိုသလို တိတ်တိတ်လေး ချိန်းတွေ့နေကြပါတယ်” ဟု ဖော်ပြခဲ့သည်။
လီမင်ဟိုနှင့် ဆူဇီတို့သည် လွန်ခဲ့သော ၂၀၁၇ခုနှစ် နိုဝင်ဘာလကတည်းက လမ်းခွဲခဲ့ကြခြင်းဖြစ်ပြီး သူတို့နှစ်ဦး လမ်းခွဲခဲ့ပြီဆိုသော သတင်းကို နှစ်ဖက်အေဂျင်စီများက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
လီမင်ဟိုနှင့် ဆူဇီတို့သည် လွန်ခဲ့သော ၂၀၁၅ခုနှစ် မတ်လတုန်းက စတင်လက်တွဲခဲ့ကြခြင်းဖြစ်ပြီး ချစ်သူ သက်တမ်း ၂နှစ်ကျော်အကြာတွင် လက်တွဲဖြုတ်ခဲ့ခြင်းဖြစ်သည်။
Ref: Soompi