ကျောင်းထုတ်ခံရသူများ ကျောင်းပြန်တက်ခွင့်ရရေး ဗကသနှင့် မကွေးတိုင်းအစိုးရအဖွဲ့ဆွေးနွေး

ကျောင်းထုတ်ခံရသူများ ကျောင်းပြန်တက်ခွင့်ရရေး ဗကသနှင့် မကွေးတိုင်းအစိုးရအဖွဲ့ဆွေးနွေး
ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီ ၂၂ ရက်က ကျောင်းသား၊ကျောင်းသူတစ်ချို့ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန်တောင်းဆိုနေစဉ်။ ဓာတ်ပုံ-အောင်ကိုဦး

မန္တလေးရတနာပုံတက္ကသိုလ်တွင် ပြီးခဲ့သည့်လက ကျောင်းသား၊ကျောင်းသူတစ်ချို့ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးတောင်းဆိုခဲ့မှုကြောင့် တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ပညာသင်ကြားခွင့် ရပ်စဲခံထားရသည့် ကျောင်းသား၊ သူ ၅၆ ဦး ကျောင်းပြန်တက်ခွင့်ရမည်ဟု ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲ ကော်မတီဝင် ကိုရာဇာထွန်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရရုံးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ အောင်အောင်မင်းနှင့် ဗကသ ကျောင်းသားများသည် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျောင်းပြန်လည် တက်ခွင့်ရရေးအတွက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပညာရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးထံ ယနေ့ရက်စွဲဖြင့် ရတနာပုံတက္ကသိုလ်တွင် ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် ပတ်သက်၍ သင်တန်းမှရပ်စဲခံထားရသော ကျောင်းသား၊ ကျောင်းသူအားလုံး၏ အဆင့်မြင့်ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ဆက်လက် ပညာသင်ယူခွင့်ပြုပါရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညှိုနှိုင်း မေတ္တာရပ်ခံအပ်ပါသည်ဟူ၍ ပေးပို့ခဲ့ကြောင်းသိရသည်။

"ဒီနေ့ဆွေးနွေးမှုမှာ ပညာသင်ခွင့်ရပ်စဲလိုက်တဲ့သူတွေကို ဘာခံဝန်ကတိမှ မလိုပဲနဲ့ ကျောင်းပြန်တက်ခွင့် ပေးမယ်ဆိုတဲ့ ကတိရတယ်။ ဒါကိုလည်း မနက်ဖြန်မှာ စာထုတ်ပေးမယ်လို့   ပြောတယ်။   ဆွေးနွေးလို့ရအောင် စီစဉ်ပေးတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ဟု ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲ ကော်မတီဝင် ကိုရာဇာထွန်းက ပြောသည်။

ပညာရေးစရိတ်တိုးမြှင့်တောင်းဆိုခဲ့၍ ရတနာပုံတက္ကသိုလ်မှ၁၂ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ၁၁ဦး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ၁ဦး၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ၆ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်းပညာရေးကောလိပ်မှ၃ ဦးနှင့် မိတ္ထီလာတက္ကသိုလ်မှ ၉ ဦး၊ ကန့်ဘလူ စက်မှုလက်မှု သိပ္ပံမှ ၇ ဦး၊ ကျောက်ဆည် တက္ကသိုလ်မှ ၁ ဦး အပြင် ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသည့် ကျောင်းသား၊ကျောင်းသူ ၂  ဦးအပါအဝင် စုစုပေါင်း ၅၆ ဦးပညာသင်ခွင့်ရပ်စဲခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly