ဖေဖော်ဝါရီ ၁၊ မန်ချက်စတာ။ ။ ဝင်ဘာလေကွင်းတွင် ပွဲချိန် ၁၁ စက္ကန့်မှာပင် ဂိုးပေးလိုက်ရသည့်အတွက် အသင်း၏နောက်တန်းကစားပုံကို မန်ယူနိုက်တက် နည်းပြမော်ရင်ဟိုက ပြစ်တင်ဝေဖန်လိုက်သည်။
ယူနိုက်တက်သည် အဲရစ်ဆင်၏ လျှင်မြန်သည့်အဖွင့်ဂိုးကိုခွင့်ပြုလိုက်ရပြီး ယင်းဂိုးမှာ အသင်းအတွက်အမြန်ဆုံး ပရီးမီးယားလိဂ် ပေးဂိုးဖြစ်ခဲ့သကဲ့သို့ စပါးအသင်း၏အနိုင်ကို ပြန်လည်ချေပနိုင်ခဲ့ခြင်းလည်းမရှိပေ။
ပွဲချိန် ၂၈ မိနစ်တွင်လည်း ဖီးလ်ဂျုံးစ်၏ရယ်စရာကောင်းသော ကိုယ့်ဂိုးကိုယ်သွင်းဂိုးကြောင့် စပါးအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး အသင်း၏ဆိုးရွားသည့်ပွဲထွက်ခြေစွမ်းအပေါ် မော်ရင်ဟိုက “၁၅ စက္ကန့်အတွင်းဂိုးတစ်ဂိုးပေးရတာ သာမန်ပဲလို့ ကျွန်တော် သဘောမထားနိုင်ဘူး။
ပွဲစပြီဆိုကတည်းက ရယ်စရာကောင်းတယ်။ စက္ကန့်ပိုင်းလောက်ကတည်းက ဂိုးပေးလိုက်ရတာက ပွဲအပေါ်ကြီးကြီးမားမား သက်ရောက်သွားတယ်။ စပါးအနေနဲ့သူတို့လိုချင်တဲ့ပုံစံအတိုင်းကစားခွင့်ရသွားပြီလေ။ နှစ်ဂိုးလုံးက ရယ်စရာတောင်ကောင်းနေ သေးတယ်”ဟု ပြောသည်။
ဖယ်လိုင်နီကို လူစားဝင်ကစားစေပြီး ၇ မိနစ်အကြာတွင် ပြန်ထုတ်လိုက်ခြင်းမှာ ဒူးဒဏ်ရာကြောင့်ဖြစ်ကြောင်းလည်း မော်ရင်ဟိုက ဆိုသည်။
ဘယ်လ်ဂျီယံကစားသမားမှာ လူစားပြန်လဲခံရသဖြင့် ပျော်ရွှင်ဟန်မပြသော်လည်း မော်ရင်ဟိုက “သူဒဏ်ရာရသွားလို့ပါ။ ဒူးကို ပြန်ထိတာပါ”ဟု ပြောသည်။
Ref; Daily Mail