နယူးယောက်၊ ဇန်နဝါရီ ၃၁ ။ ။ ပင်လယ်နက်ဝေဟင်တွင် အမေရိကန် ရေတပ်လေယာဉ်တစ်စီး၏ ငါးပေအတွင်း ရုရှဂျက်လေယာဉ်တစ်စီး ပွတ်ကပ်ပျံသန်းခဲ့ကြောင်း ပြောပြီးနောက် အမေရိကန်က ရုရှသည် ဘေးအန္တရာယ်မကင်းသော စစ်ရေးအမူအကျင့်များကို ကျုးလွန်သည်ဟု စွပ်စွဲပြောဆိုသည်။
ထိုသို့ လေယာဉ်ချင်း ပွတ်ကပ်ကာ ကြားဖြတ်ပျံသန်းခဲ့မှုအား ရိုက်ကူးထားသော ဗီဒီယိုအားလည်း အမေရိကန်ရေတပ်က ထုတ်ပြန်သည်။
အမေရိကန် U.S.EP-3 Aries ထောက်လှမ်းရေးလေယာဉ်နှင့် နီးကပ်စွာ ရုရှ SU-27 လေယာဉ်တစ်စီး ပွတ်ကပ်ပျံသန်းသွားသည့် လေးစက္ကန့်စာ ဗီဒီယိုဖိုင်ဟု တာဝန်ရှိသူများက ပြောကာ ထုတ်လွှင့်ခြင်း ဖြစ်သည်။
အမေရိကန်လေယာဉ်ရဲ့ ငါးပေအတွင်းကနေ ရုရှလေယာဉ်က ချည်းကပ်ပျံသန်းပြီး ဦးတည်ရာ ရှေ့ကနေ ကျော်တက်ဖြတ်မောင်းသွားခြင်းကြောင့် ရုရှလေယာဉ် ပျံသန်းမှု အရှိန်လှိုင်းအတွင်း အမေရိကန်လေယာဉ်က ထိန်းချုပ်မောင်းနှင်ခဲ့ရကြောင်း ရေတပ်ဒီဂျစ်တယ်မီဒီယာ ညွှန်ကြားရေးမှူး ဂျက်ဆန်ကယ်လီက အီးမေးလ်ထုတ်ပြန်သည်။
“နိုင်ငံတကာဝေဟင်ပိုင်နက်အတွင်းမှာ ရုရှစစ်လေယာဉ်တွေ ပျံသန်းမောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့် ဘေးကင့်လုံခြုံရေးနဲ့ မတော်တဆမှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာစံတွေအောက်မှာ လိုက်နာမောင်းနှင်ရမှာ ဖြစ်တယ်။”ဟု ကယ်လီက ပြောသည်။
ယခုဖြစ်ရပ်အား စိုးရိမ်ဖွယ်အရှိဆုံးအဆင့်အဖြစ် အမေရိကန်က ရှုမြင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်က ပင်လယ်နက်နှင့် ဘဲလ်တစ်ပင်လယ်တို့တွင် အမေရိကန်နှင့် ရုရှလေယာဉ်များ ကြားဖြတ်ပျံသန်းမှုများ ရှိခဲ့ခြင်းကြောင့်လည်း အမေရိကန်က စိုးရိမ်ပူပန်မှု ရှိခဲ့သည်။