နေပြည်တော်တွင် ရထားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး

နေပြည်တော်တွင် ရထားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး
ဓာတ်ပုံ-ဇော်ဇင်ဖြိုး

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ။               ။ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် နေပြည်တော်ဘူတာကြီး နှင့် ရွာတော်ဘူတာကြားရှိ ရွာတော် ကျေးရွာအုပ်စု (ရွာတော်မြောက်ရွာ) သံလမ်းဂိတ် အကူးတွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်၊ နံနက်ပိုင်းက မန္တလေးမှ ဆင်းလာသော အမှတ်(၁၂) အစုန်ရထားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ရာ အခင်းဖြစ်နေရာတွင် ဆိုင်ကယ်သမား ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျည်ထောင်ကန် ရဲစခန်းမှူး ရဲအုပ်ကျော်မင်းထူးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“ မန္တလေးကနေဆင်းလာတဲ့ အမှတ်(၁၂) အစုန်ရထားက ရွာတော် မြောက်ရွာ ရထားသံလမ်းကူး အရောက်မှာ ရွာတော် မြောက်ရွာထဲကနေပြီးတော့ ဒီသံလွင်လမ်းမကြီးပေါ်ကို မောင်းလာတဲ့ အသက် (၂၂) ကောင်လေးပေါ့။ သူမောင်းလာတဲ့ ဆိုင်ကယ်နဲ့တိုက်မိပြီး သေဆုံးသွားတာ”ဟု ရဲအုပ် ကျော်မင်းထူးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့သည့် နေရာသည် ရွာတော်ကျေးရွာ အုပ်စုနှင့် သံလွင်လမ်းမကြား ရှိ ရွာတော်မြောက် ရွာ ရထားသံလမ်းဂိတ်နေရာဖြစ်ပြီး ဂိတ်မဲ့ သံလမ်းအကူး ဖြစ်ပြီး မန္တလေးမှ ဆင်းလာသော အမှတ်(၁၂) အစုန်ရထားသည်  ရွာတော်မြောက်ရွာထဲမှ ဆိုင်ကယ်ဖြတ်မောင်းလာသူ အသက် ၂၂ နှစ်ရှိ အောင်မြင့်မြတ် ဆိုသူအား တိုက်မိခဲ့ခြင်း ဖြစ်သည်။

 “သူက ဂိတ်မဲ့ သံလမ်းကူးဗျ။ သူက သံလွင်လမ်းနဲ့ ဒီရထားလမ်းနဲ့က ပြိုင်နေတာလေ။ ရွာထဲကနေပြီးတော့ သံလွင်လမ်းဘက်ကို လာမယ်ဆိုလို့ရှိရင် အဲ့ဒီသံလမ်းကူးကို ဖြတ်ပြီးမှ လာရတာ”ဟု ၎င်းကပြောသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး လက်ရှိ အချိန်ထိ ဆက်သွယ်မေးမြန်းချက်အရ အမှုဖွင့်အရေးယူရန် စောင့်ဆိုင်းနေကြောင်း သိရသည်။

“အမှုဖွင့်မှာ ။ ဒါပေမယ့် တရားလို မလာသေးလို့ စောင့်နေတာ။ တရားလိုက မီးရထားက လုပ်မှာ ။ သူက ရထားကမောင်းနေတဲ့ အချိန်မှာ ရထားသွားလာမှုကို နှောင့်ယှက်လို့” ဟု ကျည်ထောင်ကန် ရဲစခန်းမှူး ရဲအုပ်ကျော်မင်းထူးက ပြောသည်။

ယခု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ယခုကဲ့သို့ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်ပြီး သံလမ်းပိတ်တံခါးနှင့် အစောင့်များမရှိကြောင်း သိရသည်။

 “အဲ့နားမှာ မကြာခဏဖြစ်တယ်။ ဟိုတလောကတင်ကားကြီးကို ရထားက ဝင်တိုက်ပစ်သေးတယ်။ အဲ့ဂိတ်ရယ် နောက်ပြီးတော့ သစ်ရာကုန်း ကျေးရွာ အထွက်မှာတွေက အဲ့နေရာတွေက သံလမ်းပိတ်တဲ့တံခါးလည်း မရှိဘူး။ နောက်ပြီးတော့ အစောင့်လည်း မရှိဘူး” ဟု ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သူ ကိုဇော်ဇင်ဖြိုးက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly