ချစ်ခင်လေးစားအပ်တဲ့ လူငယ်များခင်ဗျား
မနေ့တုန်းက ဆွေးနွေးခဲ့ကြတဲ့ စကားပြေအရေးအသားကိစ္စကိုပဲ အနည်းငယ်ဆက်ပြီး ဆွေးနွေးချင်ပါသေးတယ်။ ဆွေးနွေးလက်စကိုပဲ ဆက်ဆွေးနွေးမယ့်သဘောပါပဲ။
မနေ့တုန်းက စကားပြေတချို့ ဥပမာပေးခဲ့ပါတယ်။ ဝေ့လည်ကြောင်ပတ်ဖြစ်နေတဲ့ သတင်းခေါင်းစဉ်တစ်ခုနဲ့ သတင်းအကျယ် တစ်ခုဖြစ်ပါတယ်။
အောက်မှာ ပြန်ကြည့်ကြရအောင်ပါ။
“ သန္ဓေတားဆေးများ အသုံးပြုခြင်းကြောင့် ဆေးလိပ်သောက်သော အမျိုးသမီးများ သားအိမ်ကင်ဆာဖြစ်နိုင်သည့် အန္တရယ်နည်းပါး”…ဒါကတော့ သတင်းရဲ့ခေါင်းစဉ်ပါ။ အောက်မှာ သတင်းအကျယ်ကို ဒီလိုရေးပါတယ်။
(သန္ဓေတားဆေးများ အသုံးပြုသည့်အမျိုးသမီးများ သားအိမ်ကင်ဆာဖြစ်ပွားနိုင်ချေ နည်းပါးကြောင်း သိရှိထားပြီးဖြစ်သော်လည်း လေ့လာမှုအသစ်တစ်ရပ်က ဆေးလိပ်သောက်သူများ(သို့မဟုတ်) အဝလွန်ဖြစ်နေသော အမျိုးသမီးများပင် အကျိုးကျေးဇူးများရှိကြောင်း ဖေါ်ပြသည်။
အမေရိကန်အမျိုးသားကင်ဆာရောဂါကုသရေးအဖွဲ့၏ လေ့လာမှုအရ သားအိမ်နံရံမှအစပျိုးသော သားအိမ်ကင်ဆာရောဂါအန္တရယ်နည်းပါးကြောင်းနှင့် သန္ဓေတားဆေးများ ကာလကြာရှည် သုံးစွဲခြင်းကြောင့် ယင်းကင်ဆာနှစ်မျိုးစလုံးဖြစ်နိုင်သည့် အန္တရယ်လျော့နည်းကြောင်း သိရသည်။)
ကဲ အခုတင်ပြတဲ့စာပိုဒ်တွေဟာ အဓိပ္ပါယ်ဝေ့လည်ကြောင်ပတ်ဖြစ်နေတာ တွေ့ကြရမှာပါ။ ရှင်းသလိုလိုနဲ့ ရှုပ်နေတဲ့စာပိုဒ်တွေပါ။ ဒါက ဘာ့ကြောင့် အခုလို အဓိပါ္ပယ် ဝေ့လည်နေရတာလဲ။
အမှန်က ခေါင်းစဉ်ကို အခုလို ရေးသင့်ပါတယ်။
“ဆေးလိပ်သောက်သော အမျိုးသမီးများ သန္ဓေတားဆေးများအသုံးပြုလျင် သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ပို၍အန္တရယ်နည်းပါး” လို့ ခေါင်းစဉ်ပြင်ရေးသင့်ပါတယ်။ ဒါကရေးနည်းအထားအသိုကိုသာ ပြောတာပါ။ ဒါက နဂိုရေးထားတဲ့ စကားလုံးများအတိုင်း ပြန်ရေးလိုက်တာဖြစ်ပြီး ဝါကျတည်ဆောက်ပုံ အပြင် စကားလုံးတချို့ထပ်ဖြုတ်မယ်ဆိုရင် သည့်ထက်ကောင်းမွန်မှန်ကန်တဲ့ခေါင်းစဉ် သို့မဟုတ် နားလည်လွယ်တဲ့ခေါင်းစဉ်ဖြစ်စေမှာပါပဲ။
ကဲ သတင်းအကျယ်ကို ပြန်ရေးကြည့်ကြရအောင်။
“သန္ဓေတားဆေးအသုံးပြုသည့်အမျိုးသမီးများ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေနည်းပါးကြောင်း ရှာဖွေသိရှိထားပြီး ဖြစ်သော်လည်း အကယ်၍ ယင်းသန္ဓေတားဆေးအသုံးပြုသူ အမျိုးသမီးများသည်ပင် ဆေးလိပ်သောက်သူဖြစ်ပါက သားအိမ်ကင်ဆာဖြစ်နိုင်ချေ ပို၍နည်းပါးကြောင်း အမေရိကန် အမျိုးသားကင်ဆာရောဂါ ကုသရေးအဖွဲ့၏ လေ့လာမှုအရ သိရှိရပါသည် ”လို့ ပြင်ရေးရမှာ ဖြစ်ပါတယ်။
( မှတ်ချက်။ ။ အောက်ဆုံးစာကြောင်းတွေကိုတော့ ပြန်ပြင်ရေးဖို့ရန် မလွယ်ကူကြောင်း ဝန်ခံအပ်ပါတယ်။)
ဒီလို သတင်းခေါင်းစဉ်မျိုးနဲ့ ဒီလိုသတင်းရေးနည်းမျိုး အမှားတွေကို သတင်းမီဒီယာများပေါ်မှာ မကြာခဏတွေ့ရတတ်ပါတယ်။
အဖြေကိုရှာမယ်ဆိုရင် ဒီလို မြန်မာစာအရေးအသား အမှားအယွင်းတွေ ဘာကြောင့် တွေ့နေကြရသလဲ။ မြန်မာစာအရေးအသား အခြေခံအားဖြင့်ပင် နားလည်ခြင်းမရှိသူ ဒါမှမဟုတ် အလေးအနက်မထားသူ မီဒီယာသမားတချို့ကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ စကားပြေဆိုသည်မှာ အဘယ်နည်းဆိုတဲ့ခေါင်းစဉ်နဲ့ စကားပြေအရေးအသားအကြောင်း စတင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ဒါဖြင့်ရင် စကားပြေဆိုတာဘာလဲလို့ ကျနော်တို့ စပြီးစဉ်းစားကြရအောင်ပါ။
ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ကတော့ စကားပြေကို အခုလို အတိအကျ အပြည့်အစုံ ရှင်းပြဖူးပါတယ်။
“စကားပြေသည် အခြေခံအားဖြင့် ကာရန်လုံးဝမသုံးသော အဖွဲ့မျိုးဖြစ်သည်။ ကာရန်ကို သုံးပင်သုံးစေကာမူ ကဗျာမှာကဲ့သို့ စနစ်တကျ မသုံးသောအဖွဲ့မျိုးကိုလည်း စကားပြေဟုပင် ခေါ်သည်။ စကားပြေတွင် စာလုံးအရေအတွက် အသံအနေအထား စသည်တို့ဖြင့်လည်း စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိ။ သာမာန်အားဖြင့် နေ့စဉ်ပြောနေသော စကား၊ နေ့စဉ်ရေးနေသော စာတို့သည် စကားပြေပင်ဖြစ်သည်။ စကားပြေသည် ပြေပြစ်ချောမောသောစကား သို့မဟုတ် စာဟူ၍အဓိပ္ပါယ်ရသည်။”
ဒါကတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ စကားပြေဆိုတာ ဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို အရှင်းလင်းဆုံး အပြည့်စုံဆုံး ဖြေလိုက်တဲ့ အဖြေပါပဲ။
ကဲ ဒါဆိုရင် အထက်က ကျနော်တို့ ပြောခဲ့ကြတဲ့ သတင်းခေါင်းစဉ်မျိုးနဲ့ သတင်းအကျယ်တို့ဟာ ဘာ့ကြောင့် အဓိပ္ပါယ်မရှင်းမလင်းဖြစ်ခဲ့ကြရတာလည်း။ ပြေပြစ်ချောမောသောစကား သို့မဟုတ် စာမဟုတ်လို့ပါပဲ။ ဘာ့ကြောင့် မပြေပြစ်ရသလဲ။ စကားပြေအရေးအသား စည်းကမ်းများအတိုင်း မရေးတတ် မရေးတဲ့အတွက် စာဖတ်သူအဖို့ နားလည်ရရှုပ်ထွေးစေတဲ့ စာပိုဒ်တွေ ဖြစ်ကုန်တဲ့သဘောပါပဲ။
ကဲ ဒီကနေ့တော့ စကားလုံးပေါင်းသတ်ပုံ အမှားအယွင်းများအကြောင်း ဆွေးနွေးလာကြရင်းက စကားပြေအကြောင်း ကြားညှပ်ပြီး ဆွေးနွေးလိုက်တာပါပဲ။
နောက်ထပ်ပြီးဆွေးနွေးမယ့်အကြောင်းအရာကြရင်တော့ စကားလုံးပေါင်းသတ်ပုံ အမှားအယွင်းများကိစ္စ ဆက်သွားကြမှာပါ။
လူငယ်များ မြန်မာစာအရေးအသား သည့်ထက် မှန်ကန်ကြွယ်၀ လှပနိုင်ကြပါစေဗျား။
အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36309
အပိုင်း( ၂ ) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36435
အပိုင်း (၃) အား ဖတ်ရန် - http://www.mizzimaburmese.com/article/36468
အပိုင်း(၄) အား ဖတ်ရန် -http://www.mizzimaburmese.com/article/36505
အပိုင်း( ၅)အား ဖတ်ရန် - http://www.mizzimaburmese.com/article/36532
အပိုင်း( ၆)အား ဖတ်ရန် - http://www.mizzimaburmese.com/article/36658
အပိုင်း(၇)အား ဖတ်ရန် - http://www.mizzimaburmese.com/article/36696