အင်ဒိုနီးရှား ဂျာဗားကျွန်းငလျင်တွင် သေဆုံးသူတစ်ဦးရှိလာပြီး ၁၁ ဦး ဒဏ်ရာရ

အင်ဒိုနီးရှား ဂျာဗားကျွန်းငလျင်တွင် သေဆုံးသူတစ်ဦးရှိလာပြီး ၁၁ ဦး ဒဏ်ရာရ

ဂျကာတာ၊ ဇန်နဝါရီ ၂၆ ။         ။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် လူတစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ငလျင်လှုပ်ချိန်က အိမ်ပြင်ဆင်နေစဉ် ခေါင်မိုးပေါ်မှ ပြုတ်ကျသူသည် နှလုံးလန့်ပြီး သေဆုံးခြင်းဖြစ်ကြောင်း အေဂျင်စီ၏ ပြောခွင့်ရသူ ဆူတိုပိုက ဆိုသည်။

ဒဏ်ရာရသူများတွင် ခုနစ်ဦးအခြေအနေက စိုးရိမ်ရပြီး ကျောင်းခေါင်းမိုးပြိုကျရာမှ ဒဏ်ရာရသည့် ကျောင်းသားများလည်း ပါသည်။

ဇန်နဝါရီ ၂၃ ရက်က လူနေထူထပ်ရာ ဂျာဗားကျွန်းတွင် ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်ကာ အိမ်ခြေ ၂၇၆၀ အပါအဝင် အဆောက်အအုံပေါင်း ၂၈၅၅ ပျက်စီးခဲ့သည်။

ပျက်စီးမှုဖြစ်သော အဆောက်အအုံများတွင် ဆေးရုံနှစ်ရုံ၊ ပညာရေးစင်တာနှစ်ခု၊ အစိုးရရုံးခြောက်ရုံးနှင့် ပြည်သူပိုင်အဆောက်အအုံ ၆၃ ခု ပျက်စီးကာ အနောက်ဂျာဗားက လီဘတ်နှင့် ဆူကာဘူမီခရိုင်တို့တွင် ပိုမိုပျက်စီးမှုများ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

လီဘတ်အာဏာပိုင်များက ဖေဖော်ဝါရီ ၅ ရက်အထိ ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာထားကာ သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက အဆိုပါ ခရိုင်သို့ အကူအညီများ အမေရိကန်ဒေါ်လာ ၂၂၇၆၀ ဒေါ်လာဖိုးအထိ ပေးပို့ထားသည်။

အဆိုပါ ငလျင် လှုပ်သွားခဲ့သည့် ဗဟိုပြုရာသည် ဘန်တန်းပြည်နယ် ကမ်းရိုးတန်းအနီး ရေအောက် ၂၅ မိုင်မှာဖြစ်ရာ မြို့တော် ဂျကာတာနှင့် ကီလိုမီတာ ၁၅၀ အကွာခန့်တွင် ဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly