နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံဆွေးနွေး

 

ဇန်နဝါရီ ၂၅ ။             ။ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ကိစ္စရပ်များ၊ ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

" ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာမှာတော့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အဓိကဆွေးနွေးနိုင်ခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလက ဝန်ကြီးချုပ် မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို နောက်ဆက်တွဲဖော်ဆောင်ရေးကိစ္စတွေအပါအဝင်ပေါ့ " ဆိုပြီး အဆိုပါ တွေ့ဆုံပွဲအပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရာဗီးရှ် ခူမာက တွစ်တာကနေတဆင့် ရေးသားထားပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးထားခဲ့ပြီး နောက် တစ်လနီးပါးအကြာမှာပဲ ယခုလို နှစ်ဘက်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ကျင်းပမယ့် အာဆီယံ- အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံ၏ (၆၉) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန်အတွက် နယူးဒေလီမြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly