ယခင်လမ်းပေါ်ထွက် ဆန္ဒပြမှုများအတွက် ယင်လပ်ဆန့်ကျင်သူများ အုပ်စုအား ဆူပူအုံကြွမှုဖြင့် တရားစွဲ

ယခင်လမ်းပေါ်ထွက် ဆန္ဒပြမှုများအတွက် ယင်လပ်ဆန့်ကျင်သူများ အုပ်စုအား ဆူပူအုံကြွမှုဖြင့် တရားစွဲ

ဘန်ကောက်၊ ဇန်နဝါရီ ၂၄ ။            ။ ယင်လပ်ရှင်နာဝတ်ထရာအစိုးရအား ဖြုတ်ချကာ ၂၀၁၄ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကို ဦးတည်ဖြစ်စေခဲ့သော လမ်းပေါ်ထွက်ဆန္ဒပြမှုများကို စည်းလုံးလှုံ့ဆော်ပြုလုပ်ခဲ့မှုဖြင့် ထိုင်းနိုင်ငံက ပြည်သူ့ဒီမိုကရတ်တစ်ပြုပြင်ပြောင်းလဲရေးကော်မတီ PDRC အဖွဲ့ဝင်များကို ဇန်နဝါရီ ၂၄ ရက်တွင် တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ဆူသပ်သောင်ဆူဘန်၊ ဆက်တီဝေါင်နွန်သွန်းနှင့် ဧသာရာဆွမ်ချိုင်းစသည့် အဆိုပါ ကော်မတီအဖွဲ့ဝင်များအား ဆူပူအုံကြွစေမှု၊ တရားမဝင်စုရုံးမှုနှင့် ရွေးကောက်ပွဲနှောင့်ယှဉ်မှုတို့ဖြင့် တရားရေးရုံးက အမှုစွဲဆိုခြင်း ဖြစ်သည်။

အဆိုပါ စွဲဆိုခံရသူအားလုံးသည် အတိုက်အခံ ဒီမိုကရတ်တစ်ပါတီဝင်များပဲ ဖြစ်ကြသည်။

စွဲဆိုခံရသူများသည် စာရွက်စာတမ်းများဖြန့်ခြင်း၊ စကားဖြင့် လှုံ့ဆော်ခြင်း၊ လူသူစုရုံးခြင်းများအားဖြင့် လူထုအုံကြွအောင် စီစဉ်ခဲ့ကြသည်ဟု အဆိုပါတရားရေးရုံးက ထုတ်ပြန်သည်။

ထိုပြင် ရွေးကောက်ပွဲဝန်ထမ်းများနှင့် မဲပေးသူများကို တားဆီးရန် ခြိမ်းခြောက်အပြုအမူများလည်း ကျုးလွန်ခဲ့ကြကြောင်း ဆိုသည်။

ပြူထိုင်းပါတီ ကြီးစိုးသော လွှတ်တော်တွင် ယင်လပ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်းအား အတည်ပြုလိုက်ခြင်းကနေ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းသည် ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်အား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ပြစ်ဒဏ်ခံယူရခြင်း မရှိစေဘဲ ပြန်လာနိုင်အောင် လမ်းကြောင်းပေးသည့် ဥပဒေအဖြစ် ရှုမြင်ကြရာမှ ဆန့်ကျင်ဆန္ဒပြပွဲများ ပြင်းထန်ပြီး စစ်တပ်အာဏာသိမ်းမှုအထိ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

ဆင်းရဲသားတောင်သူလယ်သမားများ သဘောကျနှစ်သက်သော ယင်လပ်အစိုးရဖက်မှ ထောက်ခံသူများကလည်း PDRC ကော်မတီသည် ဒီမိုကရတ်ပါတီနှင့် စစ်တပ်တို့နှင့် အပေးအယူလုပ်ပြီး ထိုင်းနိုင်ငံတွင် နိုင်ငံရေးအထက်တန်းလွှာ ယဉ်ကျေးမှုကို ကျင့်သုံးလျက်ရှိသည်ဟု စွပ်စွဲကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly