မေယွန်မီးတောင် ပေါက်ကွဲမှုများ စိပ်လာရာ သတိပေးချက် အဆင့်လေးအထိ ထုတ်ပြန်

မေယွန်မီးတောင် ပေါက်ကွဲမှုများ စိပ်လာရာ သတိပေးချက် အဆင့်လေးအထိ ထုတ်ပြန်

မနီလာ၊ ဇန်နဝါရီ ၂၄။           ။ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းတွင် ချော်ရည်ပြာမှုန်များ မှုတ်ထုတ်ကာ ပြီးခဲ့သည့် ဆယ်ရက်က စတင်တုန်ခါပေါက်ကွဲလာသည့် မေယွန်မီးတောင်သည် ဇန်နဝါရီ ၂၃ ရက်တွင် ပေါက်ကွဲမှုသစ် နှစ်ကြိမ်ထပ်ဖြစ်ပြန်သည်။

ပေါက်ကွဲမှုကြီး ထဖြစ်နိုင်သည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြသူပေါင်းက ခြောက်သောင်းကျော်လွန်ပြီဖြစ်သည်။

မနီလာမြို့တော် အရှေ့တောင်ဖက် ၃၂၅ ကီလိုမီတာပတ်လည်တွင် ရှိသော မေယွန်မီးတောင်သည် ဇန်နဝါရီ ၂၃ ရက် နံနက် ၆ နာရီ ၂ မိနစ်တွင် ပထမတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ကာ ချော်ရည်များ စိမ့်ထွက်ယိုစီးပြီး ပြာမှုန်များက သုံးကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်သည်။

ထိုပေါက်ကွဲမှုဖြစ်အပြီး လေးနာရီခန့်အကြာတွင် ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ အဆင့်တူပြင်းအားဖြင့် ဒုတိယတစ်ကြိမ် ပေါက်ကွဲမှု ထပ်ဖြစ်ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်တိုင်းတာရေး သိပ္ပံမှ တာဝန်ရှိသူ ဆီဗီလာက ရှင်းပြပြီး လာမည့်ရက်များအတွင်း အလွန်ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတိပေးသည်။

ဇန်နဝါရီ ၂၂ ရက်မှစကာ ပေါက်ကွဲမှုကြိမ်ရေ တိုးလာခဲ့ခြင်းကြောင့် သတိပေးချက် အဆင့်သုံးမှ အဆင့်လေးသို့ အာဏာပိုင်များက တိုးမြှင့်လိုက်ပြီး ဘေးရှိရာရပ်ဝန်းဇုန်ကိုလည်း မီးတောင်ဝန်းကျင်မှ အချင်းဝက် ရှစ်ကီလိုမီတာပတ်လည်ကို ချဲ့ထွင်သတ်မှတ်လိုက်သည်။

အန္တရာယ်ရှိရာဇုန်အတွင်း နေထိုင်သူပေါင်း ၆၀၈၂၁ ဦးရေ (မိသားစုပေါင်း ၁၆၃၂၆ စု)အား ဘေးလွတ်ရာရွှေ့ကာ ဒေသရှိ ခိုလှုံစခန်း ၃၀ သို့ ပို့ဆောင်ပေးထားကြောင်း မြို့ပြကာကွယ်ရေးရုံးအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly