ဇန်နဝါရီ ၁၇ ။ ။ တစ်နှစ်ပတ်လုံး ရထားအလကားစီးလို့ရမယ့် လက်မှတ်တစ်စောင်နဲ့အတူ တွဲပြီး ရောင်းပေးတဲ့ Adidas ဖိနပ်တစ်ရံ ဝယ်ယူခွင့်ရဖို့အတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့က ဆိုင်တစ်ခုရှေ့မှာ လူပေါင်းရာနဲ့ချီတို့ ဇန်နဝါရီ ၁၆ ရက်က အေးခဲလှတဲ့ ရာသီဥတုကို အန်တုရင်း ညလုံးပေါက် တန်းစီ စောင့်ဆိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဘာလင်မြို့မြေအောက်ရထားတွေက ထိုင်ခုံကာဗာ ဒီဇိုင်းတွေကို ထည့်သွင်းဖန်တီးထားတဲ့ အဆိုပါ ဖိနပ်တွေကိုတော့ အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတာဖြစ်ပြီး ယခုလို ရောင်းချရမှာတော့ တစ်နှစ်တာ ရထားလက်မှတ်တစ်စောင်နဲ့ပါ တွဲပြီး ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ တစ်နှစ်တာ ရထားလက်မှတ်ခက ပုံမှန်အားဖြင့် ၇၆၁ ယူရို ကျသင့်မှာ ဖြစ်ပြီး ယခုလို တွဲပြီးရောင်းချတဲ့အထူးအစီအစဉ်မှာတော့ ယူရို ၁၈၀ တည်းနဲ့ အဆိုပါ ဖိနပ်ရော လက်မှတ်ကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
" ကျွန်တော် ပြီးခဲ့တဲ့ စနေနေ့ကတည်းက လိုက်ပ်ဇစ်မြို့ကနေ လာခဲ့တာပါ၊ ဒီမှာ တန်းစီတော့ နံပါတ်စဉ် ၇၃ ရတယ်လေ" ဆိုပြီး အန်ဒရိယက်စ် လီယူဆိုသူက ပြောသွားပါတယ်။
" ဒီအစီအစဉ်မှာက စိတ်ဝင်စားဖို့ အကောင်းဆုံးက ရထားလက်မှတ်ဗျ၊ နောက်ပြီး ဖိနပ်ကလည်း အရံ ၅၀၀ ပဲ ရောင်းမှာလေ၊ ဒါကိုတော့ ကျွန်တော် မသုံးဘဲ အမှတ်တရ သိမ်းထားမယ် စိတ်ကူးထားတယ်ဗျာ" ဆိုပြီး ၎င်းက ပြောပါတယ်။
ယခုလို ဖိနပ်နဲ့ ရထားလက်မှတ်တွဲရောင်းတဲ့ အစီအစဉ်ကိုတော့ ဘာလင်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အော်ပရေတာ BVG က ပြည်တွင်း ထိပ်သီးအားကစားကုမ္ပဏီကြီး Adidas နဲ့ ပူးပေါင်းပြီး ယခု အထူးထုတ်ဖိနပ်တွေကို ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။
ယင်း ဖိနပ်တွေကို စတင်ရောင်းပေးပြီးပြီးချင်းမှာပဲ ဝယ်ယူသူ တစ်ချို့က ယင်းတို့ကို မူလဈေး ယူရို ၁၈၀ ထက် ခြောက်ဆ ပိုများတဲ့ နှုန်းထားဖြစ်တဲ့ ယူရို ၁,၁၅၀ နဲ့ ပြန်ရောင်းမယ်ဆိုပြီး အွန်လိုင်းမှာ တင်ခဲ့ကြတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။