မန်ယူဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်ကို ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံလိုက်ပြီဖြစ်ကြောင်း ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၄၄ နှစ်ရှိ ဂစ်ဟာ ယူအီးအက်ဖ်အေ ၂၀၂၀ ဥရောပဖလားပြိုင်ပွဲနှင့် ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွေအတွက် ဝေးလ်စ်အသင်းကို ဦးဆောင်ရန် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။
ဝေးလ်စ်အသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ခဲ့သူ နည်းပြ ခရစ္စကိုးလ်မန်းဟာ နိုဝင်ဘာလမှာ ရာထူးက နုတ်ထွက်ခဲ့ပြီး ၎င်းရဲ့နည်းပြနေရာကို ဂစ်က ဆက်ခံခဲ့တာဖြစ်ပါတယ်။
ကာဒစ်ဖ်မှာ မွေးဖွားခဲ့တဲ့ ဂစ်ဟာ ၁၉၉၁ နှစ် ၂၀၀၇ ခုနှစ်အကြား ဝေးလ်လက်ရွေးစင်အသင်းအတွက် ၆၄ ပွဲကစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံအသင်းရဲ့ အချို့ပွဲစဉ်တွေ အထူးသဖြင့် ခြေစမ်းပွဲတွေမှာ ကစားဖို့ ပျက်ကွက်ခဲ့တာကြောင့် ဝေဖန့်ခံခဲ့ရပါတယ်။
မန်ယူအသင်းမှာ သူ့ရဲ့ လတ်တလောနည်းပြအတွေ့အကြုံအဖြစ် ၂၀၁၃-၂၀၁၄ ရာသီက နည်းပြ ဒေးဗစ်မိုက်ယက် အထုတ်ခံရပြီးနောက် နောက်ဆုံး ၄ ပွဲကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာ ဂစ်ဟာ နည်းပြ လူးဝစ်ဗန်ဟားလ်လက်အောက် မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် နှစ်ရာသီ တာဝန်ယူခဲ့ပါတယ်။
ရိုင်ယန်ဂစ်ဟာ သူ့ရဲ့ ရှည်လျားပြီး အောင်မြင်တဲ့ ကစားသမားဘဝကာလ ၁၉၉၀-၂၀၁၄ ခုနှစ်အကြား မန်ယူအသင်းအတွက် ပွဲပေါင်း ၆၇၂ ပွဲ ကစားခဲ့ပြီး ၁၁၄ ဂိုး သွင်းယူခဲ့ပါတယ်။
Ref; EFE-EPA