ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။ ။ စပါးနည်းပြပိုချက်တီနိုက ၎င်းတို့အသင်း၏တိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်နှင့်အင်္ဂလန်အသင်း၏ ဂိုးသွင်းစံချိန်များကို ချိုးဖျက်လိမ့်မည်ဟု ပြောဆိုလိုက်သည်။
ဟယ်ရီကိန်းသည် စပါးအသင်းက အဲဗာတန်အသင်းကို အနိုင်ရသည့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် စပါးအသင်းသမိုင်းတွင် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သည်။
ထိုသွင်းဂိုး ၂ ဂိုးမှာ ဟယ်ရီကိန်း၏ ၉၇ နှင့် ၉၈ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးများဖြစ်ပြီး ရှာရင်ဂန်၏ ၉၇ ဂိုးစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်သည်။
ဟယ်ရီကိန်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိသွင်းယူထားနိုင်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီသုံးခုကလည်း လိဂ်ဂိုး ၂၀ ကျော်သွင်းယူထားသည့်အတွက် ၄ ရာသီဆက်တိုက် ဂိုး ၂၀ ကျော်သွင်းနိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။
“ဟယ်ရီကိန်းအနေနဲ့ ဒီလိုပုံစံအတိုင်းသာ ဆက်ပြီး ခြေစွမ်းပြနေမယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်ပါလိမ့်မယ်။ သူဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး အလွန်ကြိုးစားတဲ့သူပါ.. သူ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်” ဟု စပါးနည်းပြ ပိုချက်တီနိုက ဆိုခဲ့သည်။
ရည်ညွှန်း ဆော်ကာဝေး