မန္တလေး၊ဇန်နဝါရီ ၅ ။ ။ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ စာရင်းပြုစု မှတ်တမ်းတင်ထိမ်းသိမ်းနိုင်ရန်အတွက် ကင်မရာထောက်ချောက်များ အသုံးပြုဆောင်ရွက်လျှက်ရှိသည်ဟု တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ ကလုံးထာစခန်းခွဲတာဝန်ခံ၊တောအုပ် ဦးအောင်စိုးသန်းက ပြောသည်။
တနင်္သာရီသဘာဝကြိုးဝိုင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်ကြား၊ ထားဝယ်မြစ်နှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်ကြားတွင်တည်ရှိပြီး ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှိနေခြင်းကြောင့် မှတ်တမ်းတင် စာရင်းပြုစုနိုင်ရန်အတွက် ကင်မရာ အလုံး ၆၀ အသုံးပြု၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ မှတ်တမ်းစာရင်းပြုနိုင်ရေးအတွက်ဆောင်ရွက်ရာတွင် ကင်မရာထောင်ချောက် အသုံးပြုလုပ်ဆောင်ခြင်းသည်လည်း အဓိကလုပ်ဆောင်ချက်များအနက်မှ တစ်ခုဖြစ်ကြောင်းသိရသည်။
"ဒီကြိုးဝိုင်းထဲမှာရှိတဲ့ ပျံ့နှံ့ကျက်စားနေတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေလေ့လာတဲ့အခါမှာ ကင်မရာထောင်ချောက်နဲ့ တပ်ဆင်ပြီးလေ့လာတဲ့စနစ်က ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ နှစ်စဉ်အလုပ်တစ်ခုဖြစ်ပါတယ်။"ဟု ဦးအောင်စိုးသန်းက ပြောသည်။
ထိုသို့ ကင်မရာထောင်ချောက်များတပ်ဆင်အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံသားငှက်ထိမ်းသိမ်းရေးမှ နည်းပညာအကူအညီရယူ၍ ဆောင်နေခြင်းဖြစ်သည်။ သဘာဝကြိုးဝိုု်င်းအတွင်း သုတေသနများပြုလုပ်ပြီး နေရာများသတ်မှတ်ကာ ကင်မရာထောင်ချောက်များ တပ်ဆင်အသုံးပြုခြင်း ဖြစ်သည်။
"တောရိုင်းတိရစ္ဆာန်တွေရဲ့သွားထားတာ။လာထားတာ။နေတာ။စားထားတာ။မစင်စွန့်ထားတာ စတာတွေကို မှတ်တမ်းယူပြီး အဲဒီမှတ်တမ်းတွေကို နည်းပညာကွန်ပျူတာထဲမှာထည့်တယ်။တွေ့လာတဲ့ ဒေတာအချက် အလက်တွေကို ချလိုက်တယ်။ ချလိုက်ပြီးတော့မှ အဲဒီထဲကမှ အလားအလာအရှိဆုံးနေရာတွေကို ရွေးလိုက် တယ်။ အဲလိုရွေးပြီးတော့မှ နှစ်ကီလိုစကွဲယားအကွက်လေးတွေ ချတယ်။ ဒီကြိုးဝိုင်းထဲမှာဆိုရင် နှစ်ကီလို စကွဲယားအကွက်ပေါင်း ၃၀၈ ကွက် ရှိတယ်။ အဲဒီထဲကမှ အကောင်းဆုံးဖြစ်မယ့်နေရာ ဧရိယာ လွှမ်းခြံု မိအောင် ကင်မရာတွေကို တပ်ဆင်တယ်။"ဟု ဦးအောင်စိုးသန်းက ပြောသည်။
ကင်မရာများကို ရက် ၃၀မှ၄၅ရက်သတ်မှတ်တပ်ဆင်အသုံးပြီး သတ်မှတ်ထားသည့်နေရာများသို့ ပြောင်းရွှေ့တပ်ဆင် အသုံးပြုလျှက်ရှိသည်။
"စတင်တပ်ဆင်တဲ့နေ့ကနေ ရက် ၃၀၊၄၅ ရက်ပြည့်ရင် ဒေတာတွေ ပြန်ယူတယ်။ ဘက်ထရီအသစ်ပြန်လဲ၊ မန်မိုရီကတ် အသစ်လဲပြီး နောက်ထပ်တစ်နေရာကို ပြောင်းရွှေ့တပ်ဆင်တယ်။"ဟု ဦးအောင်သန်းစိုးက ပြောသည်။
တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းတွင် ကမ္ဘာ့ရှားပါးတိရစ္ဆာန်၊မြန်မာနိုင်ငံတွင်လည်း ယခုကြိုးဝိုင်းတွင် သာရှိသည့် ကြံ့သူတော်နှင့်တနင်္သာရီ လင်္ကာတို့ကိုလည်း ကင်မရာထောင်ချောက်ကပင် မှတ်တမ်းတင် ရရှိခဲ့သည်ဟု ဦးအောင်သန်းစိုးက ဆိုသည်။
ကင်မရာထောင်ချောက်အသုံးပြုခဲ့ခြင်းကြောင့် ရှားပါးမျိုးစိတ် နို့တိုက် သတ္တဝါ ၆၇ မျိုး တနင်္သာရီ သဘာဝကြိုးဝို်င်းအတွင်း ရှိနေသည်ဟု မှတ်တမ်းတင်နိုင်ခဲ့ပြီး ဧရိယာတစ်ခုလုံးလွှမ်းခြံုနိုင်ရန်အတွက် ကင်မရာအသစ်များထပ်မံတိုးချဲ့တပ်ဆင်အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။