ဟစ်တလာ၏ Super Mercedes ကား အာရီဇိုးနားတွင် လေလံတင်ရောင်းချမည်

ဟစ်တလာ၏ Super Mercedes ကား အာရီဇိုးနားတွင် လေလံတင်ရောင်းချမည်

 

နယူးယောက်၊ ဇန်နဝါရီ ၅ ။              ။ ဟစ်တလာ စီးနင်းပိုင်ဆိုင်ခဲ့သည့် Super Mercedes ကားကို အမေရိကန်၊ အာရီဇိုးနားပြည်နယ်က မော်တော်ကားလေလံရုံးတစ်ခုကနေ ဇန်နဝါရီ ၁၇ ရက်၌ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟစ်တလာကား ရောင်းထွက်ခဲ့ပါက ရောင်းရငွေကို ပညာရေးရန်ပုံငွေ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို လေလံရက်တွင် တင်ထားလေလံခေါ်မည့် ပစ္စည်းပစ္စယများတွင် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ် သိမ်းပိုက်ရရှိသော ဟစ်တလာအတွက် အထူးထုတ်လုပ်ခဲ့သည့် Mercedes-Benz 770K Grosser Offener Tourenwagen ကားပါ ပါ၀င်ကြောင်း Worldwide Auctioneers လေလံရုံးက အတည်ပြုသည်။

လေလံရုံးကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် Rod Egan က ဟစ်တလာ၏ အဆိုပါ ကားကို ၀ယ်လက်ရှာရခြင်းသည် သမိုင်းတစ်စိတ်တစ်ဒေသကို ပေးအပ်ရန် တာဝန်ခံရခြင်းအဖြစ် ၎င်းနှင့်အတူ လုပ်ဖော်ကိုင်ဖက်များကပါ သဘောထားကြောင်း ပြောသည်။

“ဒီကားက သမိုင်းမဲ့တယ်ဆိုရင် ကားချည်းပဲ သက်သက်ပဲ မဟုတ်လား။ ဒါပေမယ့် ဒီကားမှာ သမိုင်း ပါရှိနေတယ်။ အလွန်တန်ဖိုးရှိတဲ့ ကားတစ်စီး ဖြစ်နေတယ်။ နောက်ပြီး အကောင်းဆုံး တည်ဆောက်ထားတဲ့ ကားလို့လည်း သိရတယ်။”ဟု Egan က ပြောသည်။

ဂျာမနီက မာစီဒီးကားကုမ္ပဏီအနေဖြင့် ယခု ဟစ်တလာစီးသည့် ကားအမျိုးအစားပေါင်း ၈၈ စီး ထုတ်လုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ငါးစီးသာ ကျန်ရှိပြီး သုံးစီးမှာ တစ်သီးပုဂ္ဂလ ပိုင်ဆိုင်ထားကြခြင်း ဖြစ်ကြောင်း မာစီဒီးကုမ္ပဏီက ဆိုသည်။

ဟစ်တလာ၏ ယခုကား ပိုင်ရှင်မှာ ၂၀၀၄ ခုနှစ်အတွင်းက ယူရိုငွေ ၁၅ သန်း(အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး)ဖြင့် ၀ယ်ယူထားခဲ့ခြင်း ဖြစ်ကြောင်း Egan က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly