မန္တလေး၊ဇန်နဝါရီ ၅ ။ ။ သူရမချစ်ပို နှစ် ၁၁၀ပြည့်ပွဲကို ပြင်ဦးလွင်မြို့၊YMBA ခန်းမတွင် လာမည့် ဖေဖော်ဝါရီလအတွင်းတွင် ပြုလုပ်သွားမည်ဟု ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)ကပြောသည်။
အဆိုပါပွဲကို ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်းက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဆရာတော်သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အမှတ်တရစာစောင်ထုတ်ခြင်း၊ အမှတ်တရ ဟောပြောခြင်းနှင့် ဂုဏ်ပြုကဗျာများရွတ်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"ဘဏ္ဍာငွေက လောလောဆယ်နည်းနေသေးတယ်။ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး လုပ်သွားမယ်။"ဟု စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)ပြောသည်။
အဆိုပါပွဲကျင်းပနိုင်ရေးအတွက် အလှူငွေများကို ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်း၊ဖုန်း-၀၉၄၀၀၄၄၅၂၃၇သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
သူရမချစ်ပိုကို ၁၉၀၇ ခုနှစ် က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်မွေးဖွဲ့ခဲ့ပြီး တပ်မတော်ထဲဝင်သွားသည့် မောင်ဖြစ်သူကို လိုက်ရှာရင်း တပ်မတော်သားတစ်ဦးနှင့် အိမ်ထောင်ကျခဲ့သည်။၁၉၄၉ ခုနှစ်တွင် ကရင် KNDO တပ်ကို ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ခဲ့ပြီး မချစ်ပိုသည် ၁၉၄၉ခုနှစ်၊ဧပြီလ ၄ ရက်တွင် ရန်သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည်။ ကျဆုံးစဉ်တွင် အသက် ၄၂ အရွယ်ဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ၁၉၅၀ခုနှစ်၊လွတ်လပ်ရေးနေ့တွင် မချစ်ပိုအား သူရ ဘွဲ့ချီးမြှင့်ခဲ့သည်။