သရုပ်ဆောင်များ အနုပညာကြေးမယူဘဲ တောပေါက် မြို့ပေါက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်

သရုပ်ဆောင်များ အနုပညာကြေးမယူဘဲ တောပေါက် မြို့ပေါက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ။                ။ တောပေါက် မြို့ပေါက် ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ဇန်နဝါရီလ ၅ ရက်မှ စတင်ပြီး ရေးမြို့၌ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး သရုပ်ဆောင်တွေ အနုပညာကြေး မယူဘဲ ရိုက်ကူးပေးမည်ဟု သိရသည်။

    ထို ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊  စက်မှုအခြေခံအလွှာ သာရေးနာရေးအသင်းမှ စီစဉ်ခြင်း ဖြစ်ပြီး စက်မှုလက်မှုအလွှာလုပ်သားများ ရန်ပုံငွေရရှိရေးအတွက် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ကာ သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးမည် ဖြစ်သည်။

    သရုပ်ဆောင် မြင့်မြတ် က “စက်မှုအခြေခံအလွှာ ရန်ပုံငွေအတွက် ရိုက်ကူးတဲ့ကား ဖြစ်လို့ အရမ်းကို အဓိပ္ပါယ် ရှိပါတယ်။ ပရဟိတဇာတ်ကားဆိုလည်း မမှားပါဘူး။ ဒီထဲမှာ ပါ၀င်တဲ့ သရုပ်ဆောင် တော်တော်များများက အနုပညာကြေး မယူဘဲ ရိုက်ကူးကြမှာပါ” ဟု ပြောသည်။

   “ တောပေါက်မြို့ပေါက် ” ဇာတ်ကားတွင် မြင့်မြတ် ၊ ကျော်ကျော်ဗို ၊ ညီထွဋ်ခေါင်၊ မင်းရာဇာ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ သွန်းဆက်၊ မုန်း၊ ရွှေပိုးအိမ်၊ တက္ကသိုလ် ဂွမ်းပုံနှင့် တခြား အနုပညာရှင် များစွာ ပါဝင်ကြမည် ဖြစ်သည်။

    စက်မှုအလွှာအတွက် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သည့်အတွက် ထိုဇာတ်ကားတွင် ပါ၀င်ကြသည့် သရုပ်ဆောင်များနှင့် ကင်မရာရိုက်ကူးမည့်သူများမှအစ အနုပညာကြေးမယူဘဲ မေတ္တာဖြင့် ရိုက်ကူးပေးကြမည် ဖြစ်သည်။

    ဇာတ်ကားမှ ရရှိမည့် ရန်ပုံငွေကို စက်မှုလက်မှု အလွှာအတွက် အထောက်အကူဖြစ်မည့် အလုပ်ရုံဆွေးနွေး ပွဲများ၊ သာရေးနာရေး ၊ စက်မှုအလွှာ မိသားစုဝင် သားသမီးများ၏ ပညာရေးအတွက်   ထောက်ပံ့မှုများ စသည့် အစီအစဉ်များတွင် အသုံးပြုသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly