ကညင်သစ်လုံးကြီး ၆ လုံး ပဲခူးတွင်ဖမ်းမိ

ကညင်သစ်လုံးကြီး ၆ လုံး ပဲခူးတွင်ဖမ်းမိ
ဓာတ်ပုံ- Forest Department

 

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁ ။            ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှကြိုးဝိုင်း၊ အကွက် ၁၄ တောတွင်းမှ တရားမဝင် ခုတ်လှဲထားသော ကညင်သစ်လုံးကြီး ၆ လုံးအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက မဇ္စျိမသို့ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ပြောသည်။

အဆိုပါ  ကညင်သစ်လုံးများကို ရေတာရှည်မြို့နယ် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြံုရေးရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကညင်သစ်လုံးကြီး ၆ လုံးမှာ စုစုပေါင်း တန်ချိန် ၃၅ ဒဿမ ရ တန်ခန့် ရှိကြောင်း သိရသည်။

“ ဒီမြို့နယ်သက်ဆိုင်ရာ သစ်တောအဖွဲ့၊ လုံခြံုရေးအဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က တောထဲမှာ လှည့်ပြီး စစ်ဆေး တဲ့အခါမှာ ဒီသစ်လုံးတွေကို ခုတ်လှဲထားတာတွေ့ခဲ့တာပေါ့။ ခုတ်ခဲ့တဲ့သူတွေက သစ်တွေကို ခွဲတာ၊ ခြမ်းတာ တွေတောင် မလုပ်ရသေးဘူး။ ဒီလူတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားတာပေါ့။ မတွေ့လိုက်ဘူး။ သစ်တွေ က လုံးပတ်ကတော့ လူတစ်ရပ်ကျော်လောက်ရှိတယ်။ ကျွန်တော်တို့က သစ်တွေကို သယ်ရတာအဆင်ပြေ အောင် သင့်တော်တဲ့အရွယ်ပမာဏပိုင်းပြီး သယ်နေတာပေါ့”ဟု ဦးကျော်မျိုးထွေးက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းမိခဲ့သည့် ကညင်သစ်လုံးများနှင့် ပတ်သက်၍ သက်ဆိုင်သူများကို ဥပဒေနှင့် အရေး ယူနိုင်ရန် တာဝန်ရှိသူများက စုံးစမ်းရှာဖွေနေကြောင်း သိရသည်။

“ အခုလက်ရှိမှာတော့ ဒီလိုသစ်တွေကို တရားမဝင်ခုတ်လှဲခဲ့သူတွေကို ဥပဒေနဲ့အညီပေါ့..အရေးယူနိုင်ဖို့ အ တွက်ကို ကျွန်တော်တို့စုံစမ်းရှာဖွေနေပါတယ်။ ဒီလို သစ်တစ်ပင်ဖြစ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ခုတ်ရင် တာ ၁၅ မိနစ်လောက်ကြာတာ။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ နှစ်ပေါင်း ၅ဝ၊ ရဝ လောက်ပြန်စောင့်ရတာ။ ဒါကြောင့် ဒေသခံပြည်သူတွေကလည်း ဒါတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ကျွန်တေ်ာတို့ကို အချိန်မရွေး ဆက်သွယ်အသိပေးပြီး ဝိုင်းဝန်းကူညီနိုင်ပါတယ်”ဟု ဦးကျော်မျိုးထွေးကပြော သည်။

ထိုသို့ သစ်များအား တရားမဝင်ခုတ်လှဲနေမှုများ၊ သစ်ထုတ်လုပ်နေမှုများ၊ သယ်ဆောင်နေမှုများအား ပြည်သူ များအနေဖြင့် တွေ့ရှိပါက သစ်တောဦးစီးဌာနသို့ ဖုန်းနံပါတ် ဝ၆၇- ၄ဝ၅၁၁၈ နှင့် ဝ၆၇- ၄ဝ၅၁၁၃ သို့ ဆက် သွယ်အသိပေးနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly