၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၁၆ ။ ။ မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်က ထပ်မံပြောကြားလိုက်သော်လည်း ပြံုယမ်းအစိုးရအနေဖြင့် စစ်မက်သဘောထားများကို စွန့်ခွာထားမှသာ ညှိနှိုင်းရေးစားပွဲဝိုင်းက ဖြစ်တည်လာနိုင်မည်ဟုလည်း ပြောလိုက်သည်။
“မြောက်ကိုရီးယားအနေနဲ့ စေ့စပ်ရေးစားပွဲဝိုင်းဆီ ပြန်လာပြီး တက်လှမ်းဖော်ဆောင်သင့်တယ်။”ဟု ကုလသမဂ္ဂလုံခြံုရေးကောင်စီ ၀န်ကြီးများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က ပြောခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း တေလာဆန်သည် အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနှင့် ကြိုတင်သတ်မှတ််ချက်မရှိဘဲ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောခဲ့ရာ အကဲဖြတ်အများစုက ဒေါ်နယ်ထရမ့်အစိုးရ ကိုင်စွဲထားသော တင်းမာသည့် ရပ်တည်ချက်မှ နောက်ကြောင်းပြန်ခြင်းအဖြစ် သုံးသပ်ခဲ့ကြသည်။
ကင်ဂျုံးအွန်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးစားပြီး တေလာဆန်သည် ၎င်း၏ အချိန်များကို ဖြုန်းတီးပစ်နေသည်ဟု ပြောထားခဲ့ဖူးသော်လည်း ဒေါ်နယ်ထရမ့်အနေဖြင့် လက်ရှိအချိန်အထိ စေ့စပ်ရေးလမ်းကြောင်းကို လက်မလွှတ်သေးပေ။
စေ့စပ်ရေးစားပွဲဝိုင်းဆီ ရောက်လာရန် မြောက်ကိုရီးယားကို လက်နက်ကိစ္စနှင့် စွဲဆိုမှုမရှိသည့် အချိန်ကာလအပိုင်းအခြားတစ်ရပ် လိုအပ်ကြောင်း ယခုအစည်းအဝေးတွင် တေလာဆန်က ပြောသော်လည်း ယင်းသတင်းစကားက အိမ်ဖြူတော်က လက်ခံသော မူဖြစ်မဖြစ်ကို သေချာရှင်းလင်း မသိရသေးပေ။
“စေ့စပ်ပွဲတွေ ပြန်စနိုင်ဖို့မှာ မြောက်ကိုရီးယားဖက်က လက်နက်အားကိုး ခြိမ်းခြောက်တဲ့ အပြုအမူတွေ ရပ်ဆိုင်းထားဖို့တော့ လိုတယ်။”ဟု တေလာဆန်က ၎င်း၏ မိန့့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ျ