မန္တလေး၊ ဒီဇင်ဘာ ၁၅ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ လယ်ယာမြေသိမ်းဆည်းခံထားရသည့်တောင်သူများသည် ဝန်ကြီးချုပ် နှင့် တွေ့ဆုံခွင့်ရရှိရန် တရားဝင်စာတင်၍ တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြား ခြင်း မရှိသည့်အတွက် ထပ်မံတွေ့ဆုံခွင့်ရရှိစေရန် ဒီဇင်ဘာလ ၁၅ ရက်၊နံနက် ၁၁ နာရီက အစိုးရအဖွဲ့ရုံးသို့ လာရောက်ကာ တောင်းဆိုခဲ့ကြသည်။
တံခွန်တောင်သူလယ်သမားများသမဂ္ဂအဖွဲ့များစုပေါင်း၍ အစိုးရအဖွဲ့နှင့်ဆက်ဆံဆောင်ရွက်ရေး ကော်မတီ တစ်ရပ်ကို ဒီဇင်ဘာလ ၈ ရက်ကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဝန်ကြီးချုပ်နှင့်တွေ့ဆုံခွင့်ရရှိရန် စာတင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အစိုးရအဖွဲ့နှင့်ဆက်ဆံဆောင်ရွက်ရေးကော်မတီဖွဲ့စည်းရခြင်းမှာ အထက်မြန်မာပြည်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မြေယာအငြင်းပွားမှုများနှင့်မြေယာပြဿနာများကို အစိုးရအဖွဲ့များဖြေရှင်းရာတွင် အခက်အခဲအကြပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိနေသည်ကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု Myanmar Farmer Federation ဥက္ကဋ္ဌ ဦးလင်းထင်စိုးက ပြောသည်။
"ကျွန်တော်တို့ သမဂ္ဂအဖွဲ့တွေအနေနဲ့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့ စာတင်တယ်။ အိတ်ဖွင့်ပေးစာ ပေးတယ်။ ဒါပေမယ့် အကြောင်းမပြန်ပါဘူး။ ကျွန်တော်တို့အပေါ် လစ်လျူရှု့ထားတာနဲ့ပတ်သက်ပြီး လာမေးတယ်။ တွေ့ခွင့်ရဖို့ တောင်းတယ်။ မရေမချင်း နေ့စဉ် အစိုးရအဖွဲ့ရုံးကိုလာပြီး ကျွန်တော်တို့ တောင်သူတွေ တောင်းနေမှာပါ။"ဟု ဦးလင်းထင်စိုးက ပြောသည်။
အစိုးရအဖွဲ့အနေနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများအနက် ဧက သုံးသောင်းကျော် ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည်ဟု ပြီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တွင် လယ်/ဆည်ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားခဲ့သော်လည်း အမှန်တကယ် သိမ်းဆည်းခံထားရသည့် တောင်သူများလက်ဝယ် ယနေ့တိုင် ရောက်ရှိခြင်းမရှိသေးကြောင်း ဦးလင်းထင်စိုးကဆိုသည်။
"ဝန်ကြီး ဦးစိုးသန်းက လွှတ်တော်မှာပြောတယ်။သိမ်းဆည်းမြေတွေအနက် ဧက သုံးသောင်း ကျော်ရှိတယ်လို့ပြောတယ်။ဒါပေမယ့် ပြည်သူလူထုလက်ထဲ ဒီနေ့အချိန်ထိ မြေတစ်မှုန်မှ မရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောချင်တယ်။"ဟု ဦးထင်လင်းစိုးကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လတ်တလော ဖမ်းဆီးခံရသူနှင့် အမှုရင်ဆိုင်နေရသည့်တောင်သူ ၂၀၀ ကျော်ရှိနေကြောင်း သိရသည်။
"ကျွန်တော်တို့ တောင်သူတွေ လက်တွေ့ခံစားနေရတဲ့ဒုက္ခတွေ၊ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေကို အစိုးရအဖွဲ့အနေနဲ့ အမှန်အတိုင်းသိစေချင်တယ်။ ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေ ပြောချင်တယ်။ ဒါက အစိုးရအဖွဲဲ့ကို ကူညီချင်တဲ့သဘောပါ။ ဒါကို တွေ့ခွင့်မရဘူး။” ဟု ဦးထင်လင်းစိုးကပြောသည်။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရန် နေ့စဉ် အစိုးရအဖွဲ့ရုံးရှေ့မှာ တောင်သူအင်အား ၃၀ကျော်နှင့် အလှည့်ကျတောင်းဆိုသွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါတောင်းဆိုမှုအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိန်မြင့် က " တွေ့ခွင့်ရမယ့် အချိန်ကို ဖုန်းဆက်အကြောင်းကြားပေးမယ်။"ဟု ပြောသည်။
အစိုးရအဖွဲ့နှင့်ဆက်ဆံဆောင်ရွက်ရေးကော်မတီမှ ဝန်ကြီးချုပ်နှင့်တွေ့ခွင့်ရရှိရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သလို တောင်သူများခံစားနေရသည့် အခက်အခဲများကိုလည်း ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။