ဒီဇင်ဘာ ၁၂၊ အင်္ဂလန် ။ ။ ဘီဘီစီက ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ် အာဖရိက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို လီဗာပူးလ်နဲ့အီဂျစ် တိုက်စစ်မှူး ဆာလက်က ရရှိသွားခဲ့ပါတယ်။
ဆာလက်ဟာ အူဘာမီယန်း၊ မာနေး၊ ကီတာနဲ့မိုးဆက်တို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က လီဗာပူးလ်အသင်းရဲ့လေ့ကျင့်ရေးကွင်းမဲလ်ဝုဒ်မှာ ဆာလက်ကို အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
“ဒီဆုကိုရခဲ့လို့ အရမ်းပျော်ပါတယ်။ ခံစားချက်က ထူးခြားပါတယ်။ ဒီဆုကို ငယ်ငယ်ကလေးတည်းက လိုချင်ခဲ့တာပါ။”
ကျွန်တော့်ရဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီမှာ အရမ်းပျော်နေတယ်ဆိုတာ သူတို့သိပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ နည်းပြကလည်း ကျွန်တော့်ကို ကူညီပါတယ်။ ပြီးခဲ့တဲ့ရာသီက ရိုးမားမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ရိုးမားနဲ့အီဂျစ်အသင်းက အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့က တကယ်ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတွေပါ” လို့ ဆာလက်က ပြောခဲ့ပါတယ်။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကလည်း “ကျွန်တော်က တကယ်ကို ကံကောင်းတဲ့လူပါ။ အလွန်ကောင်းတဲ့ ကစားသမား အနည်းငယ်နဲ့ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ အခု ဆာလက်နဲ့အလုပ်လုပ်ရတာလည်း တကယ်ပျော်ပါတယ်။
သူက အရမ်းငယ်ပါသေးတယ်။ ဒါကြောင့် အများကြီး တိုးတက်လာဦးမှာပါ။ ရိုးရိုးသားသားပြောရရင် ဆာလက်နဲ့ အလုပ်တွဲလုပ်ရတာကို တကယ်ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆာလက်ဟာ ဘာရာကတ်နဲ့အဘိုထရီကာတို့ ပြီးနောက် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ရရှိတဲ့ တတိယမြောက် အီဂျစ်ကစားသမားအဖြစ်ပါတယ်။ ဆာလက်က အီဂျစ်ရဲ့ ထာဝရအကောင်းဆုံးဘောလုံးသမား ဖြစ်လိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ၂၅ ပွဲ ကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းယူထားပြီး လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက်တာထွက်အကောင်းဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။