ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ၊ မိုင်းရင်းကျေးရွာအုပ်စု အနီး၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နမ္မတူမြို့ပေါ်သို့ စစ်ရှောင်လာသည့် ကျောင်းဆရာဆရာမ များသည် မူရင်းတာဝန်ကျရာဒေသသို့ ပြန်လည်သွားရောက်နေပြီဖြစ်သည်ဟု နမ္မတူမြို့နယ် ပညာရေးမှူးရုံးမှ သတင်းရင်းမြစ်တစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
"ဒီနေ့မနက်ပဲ ဆရာ။ ဆရာမတွေ အကုန်ပြန်သွားကြပါပြီ။ စစ်ရှောင်လာတဲ့ ရွာ ကိုးရွာပေါ့။ အဲ့ဒီနား တစ်ဝိုက်ကပါပဲ" ဟု မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သည့် သတင်းရင်းမြစ်က ပြန်လည်ဖြေဆိုခဲ့သည်။
နမ္မတူမြို့နယ် ၊ မိုင်းရင်းကျေးရွာအုပ်စု ၊ ၀ိန့်နန်းရွာအနီးတစ်ဝိုက်၌ တအာဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နှင့် တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ၀ိန့်နန်း ၊ နားလင်း ၊ ဟော်နား ၊မန်ပန် စသည့် ကျေးရွာ ၉ ရွာရှိ မူလတန်းကျောင်း ၉ ကျောင်းမှ ဆရာ၊ဆရာမ ၃၁ ယောက် သည် စာသင်ကျောင်းများပိတ်ပြီး နမ္မတူမြို့ပေါ်သို့ ရှောင်တိမ်းနေခဲ့ခြင်းဖြစ်သည်။
"သူတို့က ဒီဇင်ဘာ ၅ ရက်နေ့ ၆ ရက်နေ့လောက်မှ ရောက်လာကြတာ ၊အခုတော့ ပြန်သွားကြပါပြီ။ ပညာရေးမှူး အစီအစဉ်နဲ့ ခေါ်ထားတာပါ" ဟု နမ္မတူ စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဦးအောင်မြင့်ဆန်းက ဆိုသည်။
တအာဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်ပြီး အစိုးရနှင့် ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့လည်း ဖြစ်သည်။
နမ္မတူမြို့နယ် ၊ ကျောက်မဲမြို့နယ် နှင့် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား ထိတွေ့မှုများ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံများအနေဖြင့် စစ်ဘေးရှောင်တိမ်းကြလေ့ရှိသည်။