ချီလီတောင်ပိုင်းရှိ အရွယ်အစားကြီးမားတဲ့ ဂရေး ရေခဲမြစ်ကနေ အပိုင်းကြီးတစ်ခု သီးခြားကွဲထွက်သွား

ချီလီတောင်ပိုင်းရှိ အရွယ်အစားကြီးမားတဲ့ ဂရေး ရေခဲမြစ်ကနေ အပိုင်းကြီးတစ်ခု သီးခြားကွဲထွက်သွား

 

နိုဝင်ဘာ ၃၀ ။             ။ ချီလီနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ အရွယ်အစားကြီးမားတဲ့ ဂရေး ရေခဲမြစ်ကြီးကနေ ယခုအခါ ကြီးမားတဲ့ ရေခဲစိုင် အပိုင်းကြီးတစ်ခု သီးခြားကွဲထွက်သွားခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ယခုလို အပိုင်းကွဲထွက်သွားရခြင်းရဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အရှည် ၃၅၀ မီတာ၊ ဗြက် ၃၈၀ မီတာ ရှိတဲ့ အပြာနဲ့အဖြူနှစ်ရောင်စပ် ရေခဲစိုင် အတုံးကြီးကို ချီလီရဲ့ Conaf သစ်တောဌာနက ဓာတ်ပုံရိုက်ကူးရယူကာ ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့တာဖြစ်ပါတယ်။

 ယင်းရေခဲစိုင်ကြီးကတော့ တောင်အမေရိက တိုက် တောင်ဘက်စွန်းအပိုင်းအနီး ရေအိုင်ထဲမှာ လှုပ်ရှားမျောပါနေတယ်လို့လည်း သိရပါတယ်။

ယင်းရေခဲမြစ်တည်ရှိရာ ချီလီနိုင်ငံရဲ့ Torres del Paine အမျိုးသားဥယျာဉ်က တာဝန်ရှိသူတွေက ပြောကြားရာမှာတော့ ယခုလိုမျိုး ရေခဲစိုင် သီးခြား ကွဲထွက်သွားမှုမျိုးက ကြံုတောင့်ကြံုခဲ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းနောက်ပိုင်းဖြစ်ထားခဲ့ခြင်း မရှိခဲ့ကြောင်း ပြောသွားပါတယ်။

Torres del Paine အမျိုးသားဥယျာဉ်ကတော့ ချီလီနိုင်ငံမှာ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုလည်း ဖြစ်ပြီး တောင်ပေါ်ရှုခင်းတွေကြောင့် နာမည်ကြီးပါတယ်။ နှစ်စဉ်နှစ်တိုင်း ခရီးသွားဦးရေ ၁၁၅,၀၀၀ ကျော် လာရောက်လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။

ဂရေး ရေခဲမြစ်ကတော့ Torres del Paine အမျိုးသားဥယျာဉ်ရဲ အနောက်ပိုင်းမှာ ရှိတာဖြစ်ပါတယ်။ ယခုလို အရှေ့ဘက်မှာ နှစ်ခြမ်း ကွဲမသွားခင်တုန်းက ယင်းရေခဲမြစ်ဟာ အကျယ် ၆ ကီလိုမီတာ ရှိပြီးအမြင့် ၃၀ မီတာ ရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly