အီးယူ-အာဖရိကထိပ်သီးစည်းဝေးပွဲ၌ လစ်ဗျားရှိ ကျွန်ရောင်းဝယ်ရေးကိစ္စအား အလေးပေးဆွေးနွေး

အီးယူ-အာဖရိကထိပ်သီးစည်းဝေးပွဲ၌ လစ်ဗျားရှိ ကျွန်ရောင်းဝယ်ရေးကိစ္စအား အလေးပေးဆွေးနွေး

 

အာဘစ်ဂျန်၊ အိုင်ဗရီကို့စ်၊ နိုဝင်ဘာ၃၀ ။          ။ အိုင်ဗရီကို့စ်နိုင်ငံ အာဘစ်ဂျန်မြို့၌ကျင်းပခဲ့သော ဥရောပသမဂ္ဂ (အီးယူ)- အာဖရိကထိပ်သီးစည်းဝေးပွဲ၌ အိုင်ဗရီကို့စ်သမ္မတ အလက်စ်ဆန်းဝါထရာက လစ်ဗျားနိုင်ငံ၌ဖြစ်ပွားနေသည့် ရွှေ့ပြောင်းနေထိုင်သူကျွန်များ ရောင်းဝယ်နေသည့်ကိစ္စအား အဆုံးသတ်ဖို့ အရေးပေါ်စီမံချက်များလုပ်ဆောင်ရန် အဖွင့်မှာစကားပြောကြားစဉ်၌ ထည့်သွင်းပြောဆိုခဲ့သည်။

ထိပ်သည်းစည်းဝေးပွဲ၌ ကျွန်ရောင်းဝယ်ရေးကိစ္စအား လျင်မြန်စွာအဆုံးသတ်နိုင်ရန်အပြင် အာဖရိကနိုင်ငံ၏ လျင်မြန်စွာပေါက်ဖွားလာသော လူဦးရေတိုးတက်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင် ရန်နှင့် အစုလိုက်အပြံုလိုက်ရွှေ့ပြောင်းနေထိုင်မှု၊ အကြမ်းဖက်မှုတို့အား လျှော့ချရန် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

“လူ့သမိုင်းရဲ့ အဆိုးရွားဆုံးသောနေ့ရက်တွေကို ပြန်လည်သတိရမိသွားစေနိုင်တဲ့ ဒီစိတ်မချမ်းသာစရာကိစ္စကို အဆုံးသတ်နိုင်ဖို့ အရေးပေါ်စီမံချက်တွေနဲ့ ဆောင်ရွက်ဖို့အတွက် တာဝန်ရှိသူအားလုံးကို ကျနော်မေတ္တာရပ်ခံပါတယ်” ဟု ၀ါထရာက ထိပ်သီးစည်းဝေးပွဲ၌ ပြောခဲ့သည်။

ထိပ်သီးစည်းဝေးပွဲသို့တက်ရောက်လာကြသည့် အာဖရိက ၅၅နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံမှ တာဝန်ရှိသူများကို လစ်ဗျားနိုင်ငံရှိရွှေ့ပြောင်းနေထိုင်သူများ ကြံုတွေ့နေရသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကျွန်ရောင်းဝယ်ရေးကိစ္စအား သူက အလေးပေးပြောဆိုခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်ခန့်က အမေရိကန်သတင်းဌာန CNN က လစ်ဗျားနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူ အာဖရိကန် လူမည်းများ ကျွန်အဖြစ်ရောင်းချခံနေရပုံအား ထုတ်လွှင့်ပြသခဲ့ပြီးနောက် အာဖရိကနှင့် ဥရောပနိုင်ငံမြို့ကြီးများ ၌ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်များကလည်း ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ပြီးနောက် ယခုလို ထိပ်သီးစည်းဝေးပွဲ၌ ယင်းကိစ္စအား အဆုံးသတ်ဖို့ အလေးပေးဆွေးနွေးနေခြင်းဖြစ်သည်။

“လစ်ဗျားနိုင်ငံက ကျွန်ရောင်းဝယ်ရေးကိစ္စနဲ့ပက်သက်ပြီး မကြာသေးခင်ကဖော်ပြနေကြတဲ့ အစီရင်ခံစာတွေကို ဆွေးနွေးဖို့နဲ့ ဒီကိစ္စကိုဦးစားပေးအနေနဲ့ဖြေရှင်းဖို့အတွက် လစ်ဗျားတာဝန်ရှိသူတွေနဲ့ အခြားနိုင်ငံရေးသမားတွေ နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာကို စေ့စပ်ညှိုနှိုင်းမှုတွေ ပြုလုပ်နေပါတယ်” ဟု ဥရောပသမဂ္ဂမှ လာသောသတင်းများအရ သိရသည်။

အာဖရိကသမဂ္ဂနှင့် အခြားဝေဖန်သူများက ဥရောပသမဂ္ဂသည် လစ်ဗျားအစိုးရအား UN မှထောက်ခံပေးထား သော သဘောတူညီချက်ကိုအသုံးချကာ ဥရောပတိုက်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများ မဝင်ရောက်လာ နိုင်အောင် တားဆီးထားပေးရန် ဆောင်ရွက်ခိုင်းနေကြောင်းနှင့် ယင်းအခြေအနေများသည် ရွှေ့ပြောင်းနေထိုင် သူများကို ကျွန်အဖြစ်ရောင်းဝယ်နေသည့်ကိစ္စ   ဖြစ်ပေါ်လာစေသောကြောင့် ဥရောပသမဂ္ဂ၌ တာဝန်ရှိကြောင်း စွပ်စွဲပြောဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly