ထရမ့်အားစိန်ခေါ်သည့်အနေဖြင့် မြောက်ကိုရီးယားတို့ ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်

ထရမ့်အားစိန်ခေါ်သည့်အနေဖြင့် မြောက်ကိုရီးယားတို့ ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်

 

ဆိုးလ်၊ တောင်ကိုရီးယား၊ နို၀င်ဘာ ၂၉ ။                  ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြံုယမ်းအစိုးရအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ပြီး မြောက်ကိုရီးယား နိုင်ငံသည် အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနသည်ဟု ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားတို့ဘက်မှ စိန်ခေါ်တုံ့ပြန်သည့်အနေဖြင့် တိုက်ကြီးအချင်းချင်းကြားပစ်လွှတ်နိုင်သည့် ပဲ့ထိန်းတပ်ဒုံးပျံ (ICBM) ကို ဗုဒ္ဓဟူးနေ့၌ ပစ်လွှတ်စမ်းသပ်ခဲ့သည်။

ထိုသို့စမ်းသပ်ပစ်လွှတ်မှုသည် ပြီးခဲ့သည့်နှစ်လကျော်အတွင်း မြောက်ကိုရီးယားတို့ဘက်မှ ပထမဦးဆုံးအကြိမ် ဒုံးပျံပစ်လွှတ်စမ်းသပ်မှုဖြစ်ပြီး ပင်တဂွန်ဌာနချုပ်၏ အကဲဖြတ်မှုအရ ယင်း ICBM ဒုံးပျံသည် ကီလိုမီတာ ၁၀၀၀ ခန့် ပျံသန်းခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ပင်လယ်ပိုင်းထဲသို့ ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။

ကျွမ်းကျင်ပညာရှင်တစ်ဦး၏အဆိုအရ ယင်းဒုံးပျံသည် အမှန်တကယ်ပစ်လွှတ်ပျံသန်းပါက အကွာအဝေး ၁၃၀၀၀ ကီလိုမီတာခန့်အထိရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စုရှိ မည်သည့်မြို့ကိုမဆို ပစ်လွှတ်နိုင် ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် မကြာသေးခင်က ခြိမ်းခြောက်ပြောဆိုခဲ့သော ဒေါ်နယ်ထရမ့်သည် ထိုစမ်းသပ်မှု ကို ချက်ချင်းတုံ့ပြန်အရေးယူသွားမည်ဟု ပြောကြားခဲ့သလို ကုလသမဂ္ဂလုံခြံုရေးကောင်စီကလည်း ယခုဖြစ်စဉ် နှင့်ပက်သက်၍ အရေးပေါ်အစည်းအဝေးပြုလုပ်ရန် သဘောတူခဲ့သည်။

“ကျနော်တို့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမှာပါလို့ပဲ ခင်ဗျားတို့ကိုပြောချင်ပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ ဆက်လက်ပြီး “ဒါဟာ ကျနော်တို့ထိန်းချုပ်ကိုင်တွယ်ဖို့လိုအပ်တဲ့ အခြေအနေတစ်ခုပါပဲ” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ထိုဒုံးပျံစမ်းသပ်မှုသည် သည်းမခံနိုင်စရာလုပ်ရပ်ဖြစ်ကြောင်း ပြောဆို ခဲ့သလို ကိုရီးယားသမ္မတ မွန်းဂျေးအင်ကလည်း ပြံုယမ်းအစိုးရ၏ အဆင်အခြင်မဲ့သောလုပ်ရပ်ကို ပြစ်တင် ဝေဖန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly