အစ္စလာမ်မစ်မဟာမိတ်အဖွဲ့သည် အကြမ်းဖက်ဝါဒအား ကမ္ဘာပေါ်မှဖယ်ရှားပစ်မည်ဟု ဆော်ဒီအဓိဌာန်ပြု

အစ္စလာမ်မစ်မဟာမိတ်အဖွဲ့သည် အကြမ်းဖက်ဝါဒအား ကမ္ဘာပေါ်မှဖယ်ရှားပစ်မည်ဟု ဆော်ဒီအဓိဌာန်ပြု

 

ရီယက်ဒ်၊ ဆော်ဒီအာရေဗျ၊ နိုဝင်ဘာ ၂၇ ။               ။ အကြမ်းဖက်ဝါဒအားချေမှုန်းရေး အစ္စလာမ်မစ်မဟာမိတ်အဖွဲ့၏ ပထမဦးဆုံးအစည်းအဝေးပွဲကို တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယက်ဒ်မြို့၌ကျင်းပခဲ့ပြီး မွတ်စလင်နိုင်ငံပေါင်း ၄၀မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကာ ဆော်ဒီ၏သြဇာကြီးမားသော အိမ်ရှေ့မင်းသားကြီးက အကြမ်းဖက်သမားများ ကမ္ဘာမြေ ပေါ်မှ ပျောက်ကွယ်သွားချိန်အထိ တိုက်ထုတ်သွားမည်ဟု အဓိဌာန်ပြုပြောဆိုခဲ့သည်။

“ပြီးခဲ့တဲ့နှစ်တွေမှာ အကြမ်းဖက်ဝါဒဟာ ကျနော်တို့ရဲ့နိုင်ငံအားလုံးကို ၀င်ရောက်လာပြီး အားကောင်းနေခဲ့ပါ တယ်။ ကျနော်တို့လည်း ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီနေ့ကျနော်တို့ မဟာမိတ်ဖွဲ့လိုက်နိုင်တဲ့ အတွက် ဒါတွေအားလုံးအဆုံးသတ်သွားပါပြီ” ဟု ဆော်ဒီ၏ကာကွယ်ရေးဝန်ကြီးဖြစ်သော မင်းသားမိုဟာမက် ဘင်ဆယ်လ်မန်က ပြောခဲ့သည်။

ယခုထိပ်သီးစည်းဝေးပွဲသည် အကြမ်းဖက်ချေမှုန်းရေး အစ္စလာမ်မစ်ညွှန့်ပေါင်းအဖွဲ့မှ အကြီးတန်းအရာရှိများနှင့် ကာကွယ်ရေးဝန်ကြီးများ အတူတကွပြုလုပ်ကြသည့် ပထမဦးဆုံးအစည်းအဝေးဖြစ်ပြီး အကြမ်းဖက်ဝါဒအား ဆန့်ကျင်ကြရန် နိုင်ငံပေါင်း ၄၁ နိုင်ငံက မဟာမိတ်ပြုခဲ့ကြသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ်က မင်းသားမိုဟာမက်ကိုယ်တိုင် ကမကထပြု၍ ယင်းမဟာမိတ်ဖွဲ့သည့်အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများမှာ ဆွန်နီမွတ်စလင်အများစုနေထိုင်သော သို့မဟုတ် ဆွန်နီမွတ်စလင် များအုပ်ချုပ်သည့် နိုင်ငံအများစုဖြစ်ကြသည်။

ယင်းအဖွဲ့ထဲ၌ ဆော်ဒီအာရေဗျ၏ မဟာပြိုင်ဘက်ဖြစ်သော ရှီးအိုက်မွတ်စလင်နိုင်ငံ အီရန်တို့ကို ဖယ်ထုတ်ထား သလို အီရန်တို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် ခေါင်းဆောင်များအုပ်ချုပ်သော ဆီးရီးယားနှင့် အီရတ်တို့ လည်း မပါ၀င်ကြောင်းသိရသည်။

ဆော်ဒီအာရေဗျက အီရန်တို့သည် လက်ဘနွန်မှ ရှီးအိုက်မွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာနှင့် ယီမင်မှ ဟွတ်သီ သူပုန်များအပါအဝင် အရှေ့အလယ်ပိုင်းဒေသတစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးနေ သည်ဟု စွပ်စွဲပြောဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags