တရုတ်ဆိပ်ကမ်းမြို့၌ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး လူဒါဇင်ပေါင်းများစွာဒဏ်ရာရရှိ

တရုတ်ဆိပ်ကမ်းမြို့၌ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး လူဒါဇင်ပေါင်းများစွာဒဏ်ရာရရှိ

ရှန်ဟိုင်း၊ တရုတ်၊ နို၀င်ဘာ ၂၆ ။          ။ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော နင်ဘိုမြို့၌ တနင်္ဂနွေနေ့တွင် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ယာဉ်အများအပြားပျက်စီးကာ အနီးအနားရှိအဆောက်အဦးများ ပြိုကျခဲ့ရသလို လူဒါဇင်ပေါင်းများစွာကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း နိုင်ငံတော်သတင်းမီဒီယာက ဒေသဆိုင်ရာအာဏာပိုင်များ၏ပြောဆိုချက်ကို ကိုးကား၍ သတင်းတင်ပြခဲ့သည်။

တနင်္ဂနွေနေ့မနက်ပိုင်းတွင်ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုသည် စက်ရုံတစ်ခုထဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သော်လည်း နိုင်ငံတော်ရုပ်သံသတင်းဌာနက ထိုပေါက်ကွဲမှုသည် အဆောက်အဦးဖြိုချသည့်နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ရုပ်သံသတင်းများ၌ ဖော်ပြထားခဲ့သော ဓာတ်ပုံများထဲတွင် ပေါက်ကွဲမှုအရှိန်ကြောင့် ယာဉ်များ ရုပ်ပျက်ဆင်း ပျက် လည်ထွက်သွားပြီး မီးခိုးလုံးကြီးများ ကောင်ကင်ယံသို့မြင့်တက်လာကာ   ပေါက်ကွဲမှုဖြစ်ပွားရာ နေရာ ပတ်လည်၌ အပျက်အစီးများ လွင့်စင်ထွက်သွားသည်ကို တွေ့မြင်ရသည်။

ရုပ်သံမှတ်တမ်းများအရ ဦးထုပ်ဆောင်းထားသော ကယ်ဆယ်ရေးသမားများသည် အဆိုပါနေရာမှ ဒဏ်ရာရရှိသူများကို ကယ်ထုတ်သွားသည်ကို မြင်တွေ့ရသည်။

CCTV သတင်းဌာန၏အဆိုအရ တရုတ်နိုင်ငံ၏အကြီးမားဆုံးသော ဆိပ်ကမ်းများထဲမှတစ်ခုဖြစ်သည့် ရှန်ဟိုင်း တောင်ပိုင်းရှိ ထိုဆိပ်ကမ်း၌ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၃၀ထက်မနည်းရှိခဲ့ပြီး သူတို့ကိုဆေးရုံသို့့ပို့ဆောင်ခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ထိုသတင်းဌာနက တင်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ နေထိုင်သည့်သူများမရှိသော်လည်း အမှိုက်ကောက်သမားများသည် ထိုနေရာ၌ အလုပ်လုပ်နေနိုင်ကြောင်း ကွန်မြူနစ်ပါတီ၏ လူထုနေ့စဉ်သတင်းစာက ပြောခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းမှုများကိုစတင်ပြုလုပ်နေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ၄င်းတို့၏လူမှုမီဒီယာမှတဆင့် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly