ဟော်တယ်မီးလောင်ကျွမ်းမှု၌ တာဝန်ရှိသူများကို အရေးယူအပြစ်ပေးမည်ဟု ဂျော်ဂျီယာအစိုးရကတိပေး

ဟော်တယ်မီးလောင်ကျွမ်းမှု၌ တာဝန်ရှိသူများကို အရေးယူအပြစ်ပေးမည်ဟု ဂျော်ဂျီယာအစိုးရကတိပေး

တီဘလစ်စီ၊ ဂျော်ဂျီယာ၊ နို၀င်ဘာ ၂၆ ။            ။ ဂျော်ဂျီယာနိုင်ငံ၏ အပန်းဖြေမြို့ဖြစ်သော ဘာတူမီမြို့ရှိ ကြယ်ငါးပွင့်ဇိမ်ခံဟော်တယ်တစ်လုံး၌ မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးခဲ့ရသည့်ဖြစ်ရပ်အတွက် တာဝန်ရှိသူများကို အရေးယူအပြစ်ပေးသွားမည်ဟု ဂျော်ဂျီယာအစိုးရခေါင်းဆောင်များက ကတိပေးခဲ့သည်။

ဘရက်ဆဲလ်မြို့၌ ဥရောပသမဂ္ဂခေါင်းဆောင်များနှင့် ထိပ်သီးစည်းဝေးပွဲပြုလုပ်အပြီးတွင် ဂျော်ဂျီယာနိုင်ငံ၏ မြို့တော် တီဘလစ်စီမြို့သို့ သောကြာနေ့ညနေပိုင်းက ပြန်လည်ရောက်ရှိလာသည့် ၀န်ကြီးချုပ် Giorgi Kvirikashvili က အထပ်ပေါင်း ၂၂ ထပ်ရှိ လီယိုဂရက်ဒ်အမည်ရ ဇိမ်ခံဟိုတယ်ကြီး၌ မီးလောင်ကျွမ်းမှုဖြစ်ပွား နေကြောင်း ကြားသိရပြီးနောက်တွင် သူ၏လေယာဉ်အား လမ်းကြောင်းပြောင်းကာ ဘာတူမီမြို့သို့ ရောက်ရှိ လာခဲ့သည်။

မီးလောင်ကျွမ်းဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းအား မဆိုင်းမတွ စုံစမ်းစစ်ဆေးမည်ဟု သူက ကတိပေးခဲ့သည်။

“ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်မှာ တာဝန်ရှိသူအားလုံးကို အရေးယူအပြစ်ပေးမှာဖြစ်ပါတယ်” ဟုလည်း သူက ပြောခဲ့ သည်။

ယင်းဖြစ်စဉ်၌ သေဆုံးသူ ၁၂ဦးရှိခဲ့သည်ဟု ကနဦးကထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် ၁၁ဦးခန့်ဖြစ် ကြောင်း တာဝန်ရှိသူများက စနေနေ့က ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

“ဂျော်ဂျီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘာတူမီမြို့က ဟော်တယ်တစ်လုံးမှာ သောကြာနေ့အနှောင်း ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၁၁ဦးသေဆုံးခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူများမှာ ဂျော်ဂျီယာနိုင်ငံသား ၁၀ဦးနှင့် အီရန်နိုင်ငံသား ၁ဦးတို့ဖြစ်ပြီး အားလုံးမှာ မီးခိုးမွှန်၍သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။ ဒါ့အပြင်ဆေးရုံသို့ ပို့ဆောင်လိုက်ရသော လူနာ ၂၁ခန့်မှာလည်း ကာဗွန်မွန်အောက်ဆိုဒ်အဆိပ်သင့်ခဲ့ကြောင်းနှင့် ယခုအခါတွင် ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများထဲ၌ တူရကီနိုင်ငံသား ၅ ဦးနှင့် အစ္စရေးနိုင်ငံသားတစ်ဦးတို့ပါ၀င်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး Zaal Mikeladze က ပြောခဲ့သည်။

သေဆုံးသူများထဲမှ အလောင်း ၈ လောင်းခန့်ကို ဓာတ်လှေကားထဲ၌ ရှာတွေ့ပြီး အခြား အလောင်း ၂ လောင်း ကို အားကစားခန်းမထဲ၌ ရှာတွေ့ကာ ကျန်အလောင်းကို ရေကူးကန်အတွင်း၌ ရှာတွေ့ခြင်းဖြစ်ကြောင်း ဂျော်ဂျီယာမှ Interpress သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly