ဗဟိုအမေရိကဒေသ ပင်လယ်သမုဒ္ဒရာတွေရဲ့ ရေထုညစ်ညမ်းမှု အခြေအနေ

ဗဟိုအမေရိကဒေသ ပင်လယ်သမုဒ္ဒရာတွေရဲ့ ရေထုညစ်ညမ်းမှု အခြေအနေ

 

နိုဝင်ဘာ ၂၅ ။                     ။ ဗဟိုအမေရိကဒေသ  ကာရစ်ဘီယံပင်လယ် ရေပြင်ကျယ်ကြီးထဲမှာတော့ မြောက်မြားလှစွာသော အမှိုက်သရိုက်တွေ အစုလိုက်အပုံလိုက်တွေ မျောပါနေတာကို   တွေ့ရမှာ ဖြစ်ပါတယ်။

ကာရစ်ဘီယံဒေသရဲ့ ကြည်လင်လှပတဲ့ ကမ်းခြေတစ်ချို့နဲ့ သိပ်ပြီး အလှမ်းမဝေးတဲ့ ရေပြင်မှာ ယခုလို အမှိုက်သရိုက်တွေ ကျွန်းစုတစ်ခု အတိုင်း စုပုံမျောပါနေတာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်က ပင်လယ်သမုဒ္ဒရာတွေမှာ စွန့်ပစ် ပလက်စတစ် ညစ်ညမ်းမှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီ ဆိုတာကို ပြသနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ယခု ဗီဒီယိုထဲမှာ တွေ့မြင်ရတဲ့ အမှိုက်သရိုက် အစုအပုံတွေကိုတော့ ဟွန်ဒူးရပ်စ်နိုင်ငံ ရုတ်တန်ကျွန်းမှာ နေထိုင်တဲ့ ဓာတ်ပုံဆရာမ ကာရိုးလင်း ပါ၀ါက ရိုက်ကူးရယူထားခဲ့တာဖြစ်ပါတယ်။

ယခု တွေ့မြင်ရတဲ့ အမှိုက်သရိုက် အစုအပုံပမာဏဟာ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာတွေထဲမှာ တွေ့ရတဲ့ အမှိုက်သရိုက်တွေနဲ့စာရင် နည်းပါးနေသေးတယ်လို့လည်း သူမက ပြောပါတယ်။

ယခု ပြဿနာကို ကြည့်ခြင်းအားဖြင့် အမှိုက်သရိုက်တွေဟာ သမုဒ္ဒရာတွေထဲ ဆက်လက်စုပြံုဝင်ရောက်နေပြီး တစ်ဖြည်းဖြည်းချင်း ပမာဏများလာတာနဲ့အမျှ ယခုလိုမျိုး ကျွန်းစုလိုမျိုး ကြီးမားတဲ့ အမှိုက်ပုံကြီး ဖြစ်သွားတာကို တွေ့နေရတာဖြစ်တယ်လို့လည်း ကာရိုးလင်းက ဆိုပါတယ်။

ယခု မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမှိုက်သရိုက်တွေကတော့ ဟွန်ဒူးရပ်စ် မြောက်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ အိုမိုအာ ၀န်းကျင် ကမ်းခြေတွေကနေ စွန့်ပစ်လိုက်လို့ ပင်လယ်ထဲ မျောပါနေတာဖြစ်မယ်လို့ သူမက သုံးသပ်ပါတယ်။

ယင်း အမှိုက်တွေထဲမှာ ဆေးရုံသုံး စွန့်ပစ်ပစ္စည်းတွေ၊ အမျိုးအစားစုံလင်တဲ့ ပလက်စတစ် ဗူးခွက်တွေ ပါ၀င်နေပါတယ်။

" ဒါ သဘာဝ ပတ်ဝန်းကျင် ကပ်ဆိုးတစ်ခု ဖြစ်နေပါပြီ" လို့ အိုမိုအာ မြို့ ရဲ့ လက်ထောက် မြို့တော်ဝန် လီယိုနာဒို ဆာရာနိုက ပြောပါတယ်။

ယခုလို ကာရစ်ဘီယံ ပင်လယ်တွင်း အမှိုက်သရိုက်ပြဿနာနဲ့ပတ်သက်လို့ ဟွန်ဒူးရပ်စ်ကတော့ အိမ်နီးချင်း ဂွာတီမာလာကို အပြစ်ဖို့ပါတယ်။

ဂွာတီမာလာနိုင်ငံသားတွေ သူတို့နိုင်ငံတွင်းက မြစ်တွေထဲ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ရာကနေ ယခုလို ပင်လယ်ထဲထိ အစုအပုံတွေအဖြစ် ရောက်လာတာဖြစ်တယ်လို့ ဆာရာနိုက ဆိုပါတယ်။

ယခုကိစ္စနဲ့ပတ်သက်လို့ ပါ၀ါကတော့ အောက်ပါအတိုင်းဆိုပါတယ်။

"သေချာတာတစ်ခုက ဒီအမှိုက်တွေက ဟွန်ဒူးရပ်စ်နဲ့ ဂွာတီမာလာတို့ကနေ လာတာပါ၊ တစ်ချို့တစ်ဝက်ကတော့ အခြား နေရာတွေကနေ ရောက်လာတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ ဗဟိုအမေရိက ဒါမှမဟုတ် ကာရစ်ဘီယံ ပင်လယ်ထဲ ရေစီးနဲ့အတူ မျောလာတာဖြစ်ပါလိမ့်မယ်၊ တစ်ချို့ ပလက်စတစ် အမှိုက်တွေ ဆို ဒီထဲမှာ မျောနေတာ နှစ်နဲ့ချီပြီးတောင် ကြာနေပါပြီ" လို့  ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly