ခေတ်သစ်တစ်ခု ထူထောင်မည်ဟု ကတိပြုခဲ့သည့် ဇင်ဘာဘွေသမ္မတသစ် အမ်နန်ဂါ၀ါ

ခေတ်သစ်တစ်ခု ထူထောင်မည်ဟု ကတိပြုခဲ့သည့် ဇင်ဘာဘွေသမ္မတသစ် အမ်နန်ဂါ၀ါ

 

နိုဝင်ဘာ ၂၅ ။              ။ နိုင်ငံကို အလုံးစုံ ပြုပြင်ပြောင်းလဲပြီး ခေတ်သစ်တစ်ခုကို ထူထောင်သွားမည်ဆိုပြီး ဇင်ဘာဘွေသမ္မတသစ် အီမာဆန် အမ်နန်ဂါ၀ါက နိုဝင်ဘာ ၂၄ ရက် ကျမ်းသစ္စာကျိန်ဆိုစဉ် ကတိပြုပြောကြားလိုက်သည်။

၎င်းလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြုှပ်နှံသူများကို ပိုမိုဖိတ်ခေါ်သွားမည် ဖြစ်သလို ဆင်းရဲနွမ်းပါးမှု၊ အဂတိလိုက်စားမှုတို့ကိုပါ တိုက်ဖျက်သွားမည်ဟု သမ္မတသစ်ဖြစ်လာသည့် အသက် ရ၅ နှစ်အရွယ် အမ်နန်ဂါ၀ါက ကြံုးဝါးသွားသည်။

ဆယ်စုနှစ်များစွာကြာ နိုင်ငံကို အုပ်ချုပ်သွားခဲ့သည့် ရောဘတ် မူဂါဘီ ရာထူးကနေ ဆင်းပေးခဲ့ပြီးနောက် ဇင်ဘာဘွေနိုင်ငံ၏ ဦးဆောင်သူသစ်ဖြစ်လာခဲ့သည့် အမ်နန်ဂါ၀ါက ၎င်းအနေဖြင့် မူဂါဘီ ချမှတ်ထားခဲ့သည့် မူဝါဒ အများစုကို ပြန်လည် ပြင်ဆင်ပြောင်းလဲမည်ဆိုပြီး ကျမ်းကျိန်ပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။

ယင်းအပြင် မူဂါဘီ လက်ထက်က လယ်ယာမြေ သိမ်းဆည်းခံထားရသူများကိုလည်း လျော်ကြေး ပြန်လည်ထုတ်ပေးသွားမည်ဟု ကတိပေးသွားသည်။

နိုင်ငံတွင်းရှိ နိုင်ငံတကာ ရင်းနှီးမြုှပ်နှံမှုများကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သကဲ့သို့ ပြည်ပ အင်အားကြီးနိုင်ငံတွေနဲ့လည်း ပိုမို ချိတ်ဆက် ဆက်သွယ်သွားမည်ဟု ဆိုသည်။

ယင်းအပြင် လာမည့် ၂၀၁၈ တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများကိုလည်း စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ယခု ကျမ်းကျိန်ပွဲတွင် သမ္မတသစ် အမ်နန်ဂါ၀ါက ယခင်သမ္မတ မူဂါဘီကိုလည်း ဂါရဝပြု ထည့်သွင်းပြောကြားသွားပြီး ၎င်းသည် ဇင်ဘာဘွေနိုင်ငံကို ထူထောင်ခဲ့သည့် တည်ထောင်သူတစ်ဦးဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly