လွှတ်တော်သက်တမ်း ၂နှစ်ပြည့်ခါနီးအထိ အစိုးရအာမခံကတိများ အကောင်ထည်ဖော်မှု အားနည်းဟု ဆို

လွှတ်တော်သက်တမ်း ၂နှစ်ပြည့်ခါနီးအထိ အစိုးရအာမခံကတိများ အကောင်ထည်ဖော်မှု အားနည်းဟု ဆို
(ဓာတ်ပုံ - အီးပီအေ)

နေပြည်တော်၊နိုဝင်ဘာ ၂၅ ။              ။ လွှတ်တော်သက်တမ်း ၂နှစ်ပြည့်ခါနီးချိန်ထိ ပထမအကြိမ်မှ ပဥ္စမအကြိမ် လွှတ်တော်အစည်းအဝေးတွင်း အစိုးရမှ အာမခံထားသည့် ကတိများ အကောင်ထည်ဖော်မှု အားနည်းနေသည်ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောသည်။

 နိုဝင်ဘာ(၂၂)ရက်က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့် အနေနဲ့ အပြုသဘောနဲ့ ဆွေးနွေးရမယ်ဆိုရင် အစိုးရမှ ကျွန်တော်တို့လွှတ်တော်မှာ အာမခံခဲ့တဲ့ကတိတွေကို အကောင်ထည်ဖော်နိုင်မှု အားနည်းနေတယ်လို့ ကျွန်တော်ဆွေးနွေးလိုပါတယ်”ဟု  ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောသည်။

လွှတ်တော်သက်တမ်း၂နှစ်နီးပါးကာလတွင် ကတိ ဖြစ်ပေါ်မှု ၆၄၃ ခု ရှိခဲ့ပြီး၊ ဆဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးသို့ ရောက်ရှိနေသောကြောင့် ပထမအကြိမ်ကတည်းမှ ပေးထားသည့် ကတိများမှာ ကျန်ရှိနေကြောင်း ၄င်းကဆက်လက်ပြောသည်။

“ ပထမအကြိမ်မှ ပဥ္စမ အကြိမ်ထိစုစုပေါင်း ကတိဖြစ်ပေါ်မှုကလည်း အဆိုနဲ့မေးခွန်းပေါင်း ၆၄၃ ခုကတိဖြစ်ပေါ်မှုုဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ အဓိကထားဆွေးနွေးလိုတာက ကတိဖြစ်ပေါ်မှု ၆၄၃ ခုတွင် အစိုးရမှ အကောင်ထည်ဖော်နိုင်မှုဘယ်နှစ်ခုရှိနေလဲ၊ ဘယ်နှစ်ခုက အကောင်ထည်ဖော်ရန် ကျန်နေသေးတယ်ဆိုတာကို အစီရင်ခံစာမှာ ဖော်ပြထားတာ မတွေ့ရပါဘူး”ဟု ဦးမြင့်နိုင်ဆွေးနွေးရာတွင် ပြောသည်။

ကတိများကို ယခုခါမှာ အကောင်ထည်ဖော် လုပ်ဆောင်၍ လျော့ချသွားရန်လိုပြီး နောင်လာမည့် နှစ်များမှာ ထပ်မံ တိုးလာမည့် ကတိများကို ရှင်းရချိန်တွင် ခက်ခဲနိုင်သောကြောင့် အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အနေဖြင့်လည်း အစိုးရ အပေါ် ထိန်းညှိပေးစေလိုကြောင်း ၄င်းက ပြောသည်။

ကော်မတီသည် အစီရင်ခံစာထဲမှာ ပါသည့် ဆောင်ရွက်ပြီးစီးမှုများကို စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးများ၏လုပ်ငန်းတိုးတက်မှု အစီရင်ခံ ဇယားအရ ရ၅ရာခိုင်နှုန်းမှ ၁၀၀ရာခိုင်နှုန်း ပြီးသွားသည့် လုပ်ငန်းများကို စစ်ဆေးခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းပေါ်တွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင် ဦးဝင်းအောင်က  အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး အမျိုးသားလွှတ်တော်က အတည်ပြုချက်တောင်းခံရာတွင် ပြောသည်။

ဦးဝင်းအောင်က ဆက်လက်ပြီး “အစိုးရအနေနဲ့ ကိုယ်စားလှယ်များ မမေးဘဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အများကြီးအပေါ်မှာ ဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ ဒါကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မှာ ဆောင်ရွက်နေတာကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါတယ်”ဟု ပြောသည်။

ထို့နောက် ၄င်းအဆိုကို လွှတ်တော်၏ ဆုံးဖြတ်ချက်ရယူရာတွင် ကန့်ကွက်မည့်သူမရှိဘဲ အဆိုကို အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly