အင်္ဂလိပ်မင်းသားဂျူဒ်လောသည် Marvel စတူဒီယိုမှထုတ်လုပ်မည့် Captain Marvel ဇာတ်ကား၌ ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င်သရုပ်ဆောင်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း Variety သတင်းဌာန၏ အဆိုအရ သိရသည်။
ထိုဇာတ်ကား၌ မင်းသမီး ဘရီးလာဆင်က ခေါင်းဆောင်မင်းသမီးအဖြစ်ပါ၀င်မည်ဖြစ်ပြီး ဘန်မန်ဒယ်ဆွန်က ဗီလိန်အဖြစ်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာများအဖြစ် အန်နာဘိုဒန်နှင့် ရိုယန်ဖလက်ခ်တို့က ရိုက်ကူး မည်ဖြစ်သည်။
ဂျုုဒ်လောသည် Mar-Vell ဟုလည်းလူသိများသည့် ဒေါက်တာဝေါလ်တာလော်ဆင် ဇာတ်ကောင်နေရာမှ သရုပ်ဆောင်မည်ဖြစ်ပြီး အဓိကဇာတ်ကောင် Captain Marvel တစ်ဖြစ်လဲ Danvers အား သူမ၏စွမ်းအား များကို သဘောပေါက်အောင် ညွှန်ပြပေးသူအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
ယခုနှစ်တွင်ကျင်းပခဲ့သော San Diego Comic-Con ၌ Captain Marvel ဇာတ်ကားအား ၁၉၉၀ ခုနှစ်များတွင် ဇာတ်အိမ်တည်ထားမည်ဖြစ်ပြီး ယင်းအချိန်သည် Avengers အဖွဲ့မဖွဲ့စည်းရသေးမီကာလဖြစ်ကာ မင်းသားကြီး ဆန်မြူရယ်အယ်လ်ဂျက်ဆန်က Nick Fury ဇာတ်ကောင်နေရာမှ ထပ်မံပါ၀င်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ Captain Marvel ကို လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြသသွားနိုင်ရန် စီစဉ်ထားသည်။
ဂျူဒ်လောသည် နာမည်ကျော် Fantastic Beasts ဇာတ်ကား၏ ဒုတိယမြောက်ဇာတ်ကားဖြစ်သော Fantastic Beasts: The Crimes of Grindelwald ၌ အဲလ်ဘတ်ဒမ်ဘယ်လ်ဒေါငယ်ဘဝနေရာမှ ပါ၀င်သရုပ်ဆောင်ရန် သဘောတူညီမှုရရှိထားခဲ့သလို တတိယမြောက် Sherlock Holmes ဇာတ်ကား၌လည်း ဆက်လက်ပါ၀င် သွားရန် ဆွေးနွေးလျက်ရှိသည်။