ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာလမ်းမကြီးမှ အသုဘချလာမှုတွင် ယနေ့ လူစုလူဝေး ဖြစ်ပေါ်နေပြီး သေသူအလောင်းအား ရွာလမ်းမမှ သယ်ယူရေး၊ မသယ်ယူရေး ရွာသားများနှင့် မိသားစုဝင်များ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။
အဆိုပါလူအုပ်အား လူစုခွဲပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးက ကြေညာထားပြီး၊ လက်ရှိ ညနေပိုင်းအချိန်အထိ လူအုပ်စုများ အငြင်းပွားနေပြီး သေဆုံးသူ၏ အမျိုးသားက ရွာလမ်းအတိုင်း သာချမည်ဟု ပြောသည်။
“ တားမြစ်ထားရင် ယခုလိုပဲ ရွာလယ်လမ်းတွင် ချထားမယ်” ဟု သေဆုံးသူ၏ အမျိုးသား ဦးအေးစိုးက ပြောခဲ့ ပြီး လက်ရှိတွင် သေသူအလောင်းမှာ မသဂြိုလ်နိုင်သေးဘဲ ရှိနေသည်။
ဖြစ်စဉ်မှာ ကျံုပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအနောက်မှာ ဦးအေးစိုး၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်း နွယ်သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သေဆုံးခဲ့ပြီး၊ ၁၆ ရက်နေ့တွင် အသုဘအား ရွာလမ်းမကြီးမှ ချလာစဉ် ရွာလယ်၌ ရွာသားများက ထုံးစံလမ်းမှ ချရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ရပ်ရွာဓလေ့အချို့တွင် သေသူအား ရွာလယ်မှ အသုဘချခြင်းမပြုလုပ်ကြဘဲ ရွာပြင်တွင် သေဆုံးပါက ရွာထဲသို့ သေသူအား သယ်ဆောင်ခြင်း တားမြစ်သည့် ဓလေ့ရှိနေသေးသည်။
လက်ရှိတွင် လုံခြံုရေးအဖွဲ့များ၊မီးသတ်များ ရောက်ရှိစောင့်ကြပ်နေပြီး ယခင်ကလည်း အဆိုပါပြသနာမျိုး ဖြစ်ပွားခဲ့သည်။ သေဆုံးသူ၏ အမျိုးသားက ရွာလယ်လမ်းအတိုင်းသာ ချရမည်ဖြစ်ပြီး ခွင့်မပြုပါက အဆိုပါရုပ်အလောင်းအား ဒီတိုင်းထားမည်ဟု သေဆုံးသူ၏ အမျိုးသား ဦးအေးစိုးက ပြောသည်။