နာမည်ကျော်အဆိုတော်မာရီယာကာရေးသည် အသက်ရှုလမ်းကြောင်းထဲ၌ပိုးဝင်သောကြောင့် ဆရာဝန်များ၏ ညွှန်ကြားချက်အရ ခရစ္စမတ်ဖျော်ဖြေပွဲအစီအစဉ်များကို ဖျက်သိမ်းလိုက်သည်။
“All I Want for Christmas Is You” သီချင်းပိုင်ရှင်ဖြစ်သော မာရီယာကာရေးသည် အဆိုပါဖျက်သိမ်းသည့် သတင်းအား တွစ်တာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး သူမသည် တုပ်ကွေးရောဂါကိုလည်း ကနဦးကတည်းက ခံစားနေခဲ့ရခြင်း ထည့်သွင်းပြောဆိုခဲ့သည်။
“လက်ဆောင်တွေပေးတဲ့ အားလပ်ရက်အချိန်အခါသမယကို ရောက်လာပါတော့မယ်။ ကျွန်မကိုယ်တိုင်လည်း ကိုယ်ပိုင်လက်ဆောင်လေးတစ်ခု ရလိုက်သလိုပါပဲ။ ပြီးခဲ့တဲ့အပတ်ကဖြစ်ခဲ့တဲ့ တုပ်ကွေးကြောင့် အသက်ရှု လမ်းကြောင်းထဲ ပိုးဝင်သွားတယ်တဲ့။ စိတ်ဓာတ်ကျစရာပါပဲ” ဟု သူမက တွစ်တာ၌ ရေးသားခဲ့သည်။
ဆက်လက်ပြီး “ကျမ ခရစ္စမတ်ရှိုးပွဲတွေဖျော်ဖြေပြီးတော့ အားလပ်ရက်ကာလကိုဆင်နွှဲရတာထက် အခြားနှစ် သက်တာ ဘာမှမရှိဘူးဆိုတာ ရှင်တို့သိပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း ကျမစင်ပေါ် ပြန်တက်ပြီး ဖျော်ဖြေနိုင်ပြီလို့ သူတို့မပြောမချင်း ကျမအနားယူရပါတော့မယ်။ ဒါကြောင့် လာမယ့်ခရစ္စမတ် ကာလအတွက် ဖျော်ဖြေဖို့စီစဉ်ထားတဲ့ ရှိုးပွဲတွေကို ကံမကောင်းစွာနဲ့ပဲ ဖျက်သိမ်းရပါတော့မယ်” ဟု သူမက ရေးသားခဲ့သည်။
ကာရေးသည် မကြာသေးခင်ကလည်း ၃နှစ်ကြာလက်တွဲ၍ အလုပ်အတူလုပ်ခဲ့သည့် သူမ၏မန်နေဂျာဖြစ်သူနှင့် ခွဲခွာခဲ့သည်။