ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ မသန်စွမ်းသူများကို ကူညီထောက်ပံ့မည့် သုံးနှစ် အစီအစဉ် စတင်

ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ မသန်စွမ်းသူများကို ကူညီထောက်ပံ့မည့် သုံးနှစ် အစီအစဉ် စတင်
မသန်စွမ်းအနုပညာပွဲတော် အကြိုအထိမ်းအမှတ်အဖြစ်  မသန်စွမ်းသူများက ရန်ကုန်မှ မန္တလေးအထိ ဘီးတပ်ကုလားထိုင်ဖြင့် သွားရောက်ကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)နှင့် Handicap International တို့ပူးပေါင်း၍  မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တို့မှ မသန်စွမ်းသူများအား ထောက်ပံ့ ကူညီပေးမှုများကို သုံးနှစ်စီမံကိန်းအဖြစ်  ဆောင်ရွက်သွားမည်ဟု ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)၊ အထက် မြန်မာ ပြည်ရုံးခွဲ၊ မန္တလေးတာဝန်ခံ၊ မအေးနန္ဒာဌေး က ပြောသည်။

၎င်းက “ ကျွန်မတို့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့ အခါမှာဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာဖြစ်ဖြစ် အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့နဲ့ အမျိုး သားအဆင့်ထိ မသန်စွမ်းသူတွေအနေနဲ့ ဆောင်ရွက်လာနိုင်အောင် လုပ်ဆောင်ပေးမယ် ”ဟု ပြော သည်။

ယင်းသို့ ကူညီထောက်ပံ့ခြင်းမှာ မသန်စွမ်းသူများသည် လူမှုဝန်းကျင်တွင် တန်းတူရည်တူ ရပ်တည်နိုင်ရန် ဖြစ်ပြီး မသန်စွမ်းစာရင်းများ ကောက်ယူလျက်ရှိရာ ပုသိမ်ကြီးတွင် ၁၀၀ ဦး၊ အမရပူရမြို့နယ်တွင် ၁၀၀ ဦး ကောက်ယူထားပြီး ဖြစ်သည်။

အဆိုပါ မသန်စွမ်းသူများထဲမှ ၂၀ ဦးကို ရွေးချယ်ပြီး မသန်စွမ်းနှင့် သက်ဆိုင်သော သင်တန်း များ ပေးသွားမည်ဖြစ်ကာ သင်တန်းပေးပြီးပါက ထိုအထဲမှ သင်တန်းဆရာများ ပြန်လည်ရွေးချယ်၍ မြို့နယ်များ တိုးချဲ့ကာ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးရန်လည်း စီစဉ်လျက်ရှိသည်ဟုလည်း မအေးနန္ဒာဌေး က ဆိုသည်။

အဆိုပါစီမံကိန်းကို ၂၀၁၅ ခုနှစ် သြဂုတ်လမှ စတင်ကာ သုံးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပထမတစ်နှစ်တွင် စာရင်းများကောက်ယူ၍ သင်တန်းများ ပေးသွားမည်ဖြစ်ကာ ဒုတိယနှစ်တွင် အဆိုပါမသန်စွမ်းသူများအား ထောက်ပံ့ကြေး(Grant ) များ ပေးသွားမည် ဖြစ်သည်။

မအေးနန္ဒာဌေးက “ ချေးငွေတွေလည်း ထုတ်ပေးသွားမယ်။ ထုတ်ပေးမယ့် ငွေပမာဏကတော့ သူတို့တင်ပြတဲ့အပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။

Handicap International မှ စီမံကိန်းမန်နေဂျာ ဒေါ်သီတာကလည်း “ကျွန်မတို့ကတော့ ရွှေမင်းသား ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေကို ကူညီပံ့ပိုးပေးသွားမှာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းကို ဝမ်းသာသည်ဟုလည်း  ပုသိမ်ကြီးမြို့နယ်မှ မသန်စွမ်းသူ တစ်ဦးဖြစ်သည့် အသက် ၂၁ နှစ် အရွယ် ကိုဝင်းမြင့်ဦးက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ကလည်း ကူညီပေးရန် အသင့်ရှိပြီး သင်တန်းနေရာ အခက်အခဲ ရှိသည် ဆိုပါကလည်း ကူညီဆောင်ရွက်ပေးမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်း ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက မသန်စွမ်း သင်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်၍ တိုင်းအတွင်းရှိ မသန်စွမ်း သူများကို အခြေခံပညာရေးနှင့် ကိုယ့်အားကိုယ်ကိုး၍ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သွားလာနိုင်ရေး အတွက် သင်ကြားပေးနေသည်ဟုလည်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ်၌ ကောက်ယူထားသော သန်းခေါင်စာရင်း ရ မသန်စွမ်းဦးရေ သုံးသိန်းကျော်ရှိရာ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံံ့နိုင်သည်မှာ တစ်ထောင်ကျော်သာ ရှိသေးပြီး အားလုံးကို ကူညီထောက်ပံ့နိုင်ရန် အစိုးရနှင့် အခြားအဖွဲ့များ ပူးပေါင်း ပါဝင်လာရန် လိုသည်ဟုလည်း မအေးနန္ဒာဌေး က ဆိုသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) ကို ၂၀၀၈ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် တရားဝင်မှတ်ပုံတင်၍ မသန်စွမ်းသူများကို ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly