နေပြည်တော်၊နိုဝင်ဘာ ၁၁။ ။ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးသည် ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လည်ပိုင်းက ဒုတိယမြောက်အဖြစ် ချုပ်ရက်ရမန် ထပ်ယူသွားသည်ဟု တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ဝေဝေခိုင်က မီဒီယာများကို ပြောသည်။
ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈)အတွက် ချုပ်ရက်ရမန်အဖြစ် နောက်ထပ် ရက်သတ္တပတ််နှစ်ပတ် ရမန် ယူခဲ့ခြင်း ဖြစ်သည်။
“ဦးဖြိုးကိုကိုတင့်ဆန်းရယ်၊ အောင်နိုင်ရယ၊် ရန်အောင်စိုးရယ် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈နဲ့ ၁၀.၁၁.၂၀၁၇ ရက်နေ့ကနေပြီးတော့ ၂၄.၁၁.၂၀၁၇ ရက်နေ့ထိ ချုပ်ရက် ရမန်လာတောင်းတယ်။ ချုပ်ရက်ပဲတောင်းတယ်၊ ချုပ်ရက် ရမန်တောင်းတယ် ဒီနေ့ကိစ္စကလည်း ဒါပဲ”ဟု ဒေါ်ဝေဝေခိုင်က ပြောသည်။
အောက်တိုဘာ ၃၀ရက်က လယ်ဝေးမြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန် လာအပ်ပြီးနောက် ထို့နေ့တွင်ပင် ဒက္ခိဏသိရိမြို့နယ်တရားရုံးတွင် ရမန်ပြောင်းယူခဲ့သည်။ ထို့နောက် ၁၂ ရက်ကြာသည့် ယနေ့တွင် နောက်ထပ် ရမန်ထပ်ယူခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၁၅ရက် ညပိုင်းက MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါ မည့် ၀န်ကြီးဟောင်းဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိိုကို တင့်ဆန်း၏ ကျောပိုးအိတ်အတွင်းမှ သေနတ်များ၊ ကျည်ဆံများနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို နေပြည်တော် လေဆိပ်တွင် ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ထို့နောက်၄င်းပိုင်ဆိုင်သည့် Hotel Ace အပါအဝင် ရန်ကုန်မြို့ရှိ နေအိမ်နှင့် ရုံးခန်းများကို ဆက်လက်ရှာဖွေစဉ် လက်နက််များနှင့် ဆက်စပ် ပစ္စည်းများကို ထပ်မံ သိမ်းဆည်း ရမိထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၁၅ ဦးကို ပုဒ်မပေါင်း ၂၁ခုဖြင့် အမှုဖွင့်ထားသည်ဟုလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြီးခဲ့သည့်ရက်ပိုင်းတွင် မီဒီယာများကို ပြောဆိုထားသည်။
အဆိုပါ အမှုကို အောက်တိုဘာ ၁၉ရက်နေ့ကတည်းက မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ထံ လွှဲပြောင်းပြီး စစ်ဆေးလျက် ရှိသည်။