ပုဂံဘုရားပေါ်မှာ နေဝင်ချိန်ကြည့်ရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရတဲ့ တက္ကဆက် ကျောင်းသူ

ပုဂံဘုရားပေါ်မှာ နေဝင်ချိန်ကြည့်ရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရတဲ့ တက္ကဆက် ကျောင်းသူ
ဓာတ်ပုံ-St. Edward's University Campus Ministry
 

နိုဝင်ဘာ ၉ ။             ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ကောလိပ်ကျောင်းသူတစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာ ရ ရက်က ပုဂံ ဘုရားတစ်ဆူပေါ်ကနေ နေဝင်ဆည်းဆာမြင်ကွင်းကို တက်ကြည့်ဖို့ ကြိုးစားရင်း အောက်ပြုတ်ကျပြီး ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ အမေရိကန်ကျောင်းသူကတော့ အသက် ၂၀ အရွယ် Kassandra Braun ဆိုသူ ဖြစ်ပြီး သူမဟာ Semester At Sea ဆိုသည့် ပင်လယ်ကူးသင်္ဘောပေါ်တွင် ပညာသင်ကြားသည့် အစီအစဉ် နှင့်အတူ လိုက်ပါလာရင်း ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြံုတွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ Braun ဟာ ပုဂံ သို့ သွားရောက်ခဲ့ပြီး ဘုရားပေါ်မှ ပြုတ်ကျခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Semester At Sea ပရိုဂရမ်မှ ထုတ်ပြန်ပါတယ်။

ယင်းနောက် Braun ကို မန္တလေး အထွေထွေဆေးရုံသို့ ပို့ဆောင်စဉ် လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။

Braun ဟာ နိုဝင်ဘာ ရ ရက် ညနေ ၄ နာရီ ခွဲခန့်က ပုဂံဘုရားပေါ်ကနေ မတော်တဆလိမ့်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး Arab News သတင်းဌာနက ဖော်ပြထားပါတယ်။

သူမဟာ ဆိုရင် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ရှိတဲ့ St. Edward's University မှာ ဆက်သွယ်ရေး ဘာသာရပ်ကို လေ့လာသင်ကြားနေသူဖြစ်ကြောင်း ယင်းတက္ကသိုလ်ရဲ့ ဖေ့ဘွတ်ခ် ပို့စ်မှာ တင်ထားပါတယ်။

သူမရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Chalene နဲ့ Dave Braun တို့ကလည်း ၎င်းတို့အနေဲ့ သမီးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ပိုမိုရရှိဖို့ စောင့်မျှော်နေကြောင်း ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွားပါတယ်။ သူမရဲ့ သမီးဖြစ်သူဟာ နိုင်ငံခြားကို ခရီးသွားရင်း အပျော်ရွှင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ရပါကြောင်း မိဘတွေက ပြောကြားထားပါတယ်။

" သူမဟာ Cathedral အထက်တန်းကျောင်းနဲ့ St.Edward's တက္ကသိုလ်က သူ့သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အလွန်တရာ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်" ဆိုပြီး Braun ရဲ့ မိဘနှစ်ပါးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly