နိုဝင်ဘာ ၈၊ ရန်ကုန်။ ။ ကမ္ဘောဒီးယားအသင်းနှင့် ကစားမည့်ခြေစမ်းပွဲက အိန္ဒိယနှင့်ကစားမည့်အာရှခြေစစ်ပွဲအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း မြန်မာလက်ရွေးစင်အသင်းနည်းပြ ဂတ်ဇီဆီက ပြောသည်။
မြန်မာလက်ရွေးစင်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့သည် နိုဝင်ဘာ ၉ ရက် မြန်မာစံတော်ချိန်ညနေ ၆းဝဝ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ခြေစမ်းပွဲကစားကြမည်ဖြစ်သည်။
ပွဲမတိုင်မီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂတ်ဇီဆီက “အိန္ဒိယအသင်းနဲ့ အာရှဖလားခြေစစ်ပွဲမကစားခင် ဒီခြေစမ်းပွဲကို လာရောက်ကစားတာပါ။ ကမ္ဘောဒီးယားအသင်းရဲ့ကစားပုံကို သဘောကျပါတယ်။ အရမ်းလည်းတိုးတက်လာတဲ့ အသင်းပါ။ နှစ်သင်းစလုံးက အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေကြတာဖြစ်လို့ မနက်ဖြန်ကစားမယ့်ပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိစေမှာပါ”ဟု ပြောသည်။
မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင်ရန်အောင်ကျော်ကလည်း ခြေစမ်းပွဲအတွက်ဖိအားမရှိကြောင်းနှင့် ကမ္ဘောဒီးယားသည် တိုးတက်လာသည့်အသင်းဖြစ်၍ ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားနည်းပြ ပက်ဆိုဗန်နာရာကမူ ရလဒ်ကိုအဓိကထားမည်မဟုတ်ဘဲ ဂျော်ဒန်နှင့်ကစားရမည့် အာရှဖလားခြေစစ်ပွဲ အတွက် အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရန်ကစားသွားမည်ဟု ဆိုသည်။
မြန်မာအသင်းသည် နိုဝင်ဘာ ၁၄ တွင် အာရှခြေစစ်ပွဲအဖြစ် အိန္ဒိယနှင့်အဝေးကွင်း၌ ကစားရမည်ဖြစ်ပြီး ကမ္ဘောဒီးယားသည် အိမ်ကွင်းတွင် ဂျော်ဒန်နှင့်ကစားရမည်ဖြစ်သည်။