မြောက်ကိုရီးယားတွင် နျူကလီယားစမ်းသပ်ဇုန်အနီး ဥမင်လိုဏ်ပြိုကျ၍ လူ ၂၀၀ ကျော်သေဆုံးနိုင်

မြောက်ကိုရီးယားတွင် နျူကလီယားစမ်းသပ်ဇုန်အနီး ဥမင်လိုဏ်ပြိုကျ၍ လူ ၂၀၀ ကျော်သေဆုံးနိုင်

 

ပြံုယမ်း၊ အောက်တိုဘာ ၃၁ ။         ။ မြောက်ကိုရီးယားနိုင်ငံတွင် နောက်ဆုံးနျူကလီးယားစမ်းသပ်ထားသည့် ဇုန်အနီးရှိ ဥမင်လိုဏ်ခေါင်း ရုတ်တရက်ပြိုကျမှုဖြစ်ပြီး လူ ၂၀၀ ကျော် သေဆုံးဖွယ်ရှိကြောင်း ဂျပန်သတင်းဌာနတစ်ခုက အောက်တိုဘာ ၃၁ ရက်၌ ဖော်ပြသည်။

စက်တင်ဘာ ၃ ရက်က မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက်နှင့် အကြီးဆုံးဖြစ်သော မြေအောက်နျူကလီးယား စမ်းသပ်မှုအပြီး ရက်ပိုင်းအတွင်း ဥမင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဟု TV Asahi က အမည်မဖော်သော မြောက်ကိုရီးယားအရာရှိတစ်ဦးကို ကိုးကားဖော်ပြသည်။

အစောပိုင်း တစ်ကြိမ်ပြိုကျမှုတွင် အလုပ်သမားများ ၁၀၀ ခန့် ရှိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ထပ်မံပြိုကျခြင်းဖြစ်ရာ သေဆုံးသူ စုစုပေါင်း ၂၀၀ ကျော်နိုင်သည်ဟု ယင်းသတင်းရုပ်သံက ပြောသည်။

ဥမင်ပြိုကျရသည်မှာ နျူကလီးယားစမ်းသပ်မှုကြောင့် အစပျိုးဖြစ်ပွားခြင်းဟု ယင်းသတင်းဌာနက ဆိုသည်။

မြေအောက်နျူကလီးယားစမ်းသပ်မှုကြောင့် တောင်ပြိုခြင်း ဖြစ်နိုင်ကာ တရုတ်နယ်စပ်က လေထုထဲ ရေဒီယိုသတ္တိကြွမှုများ စိမ်ဝ့င်ပျံ့နှံ့သွားနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ခြောက်ကြိမ်မြောက်ဖြစ်သော ယင်းနျူကလီးယားစမ်းသပ်မှုကြောင့် ဝန်းကျင်ဧရိယာတွင် မြေပြိုမှုများ ဖြစ်ခဲ့သည်ဟု နောက်ပိုင်းရက် ဂြိုဟ်တု ဓာတ်ပုံများအရ တွေ့ရသည်။

အဆိုပါ စမ်းသပ်ဖောက်ခွဲမှုကြောင့် အင်အား ၆ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly