မိုဂါဒစ်ရှုမြို့၌ ကားဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးထက်မနည်းသေဆုံး

မိုဂါဒစ်ရှုမြို့၌ ကားဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးထက်မနည်းသေဆုံး

မိုဂါဒစ်ရှု၊ ဆိုမာလီယာ၊ အောက်တိုဘာ ၂၉  ။            ။ ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှုမြို့၌ စနေနေ့တွင် ကားဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃ဦးထက် မနည်း သေဆုံးခဲ့ရပြီး အဓိကလက်သည်မှာ ရှာဘတ်အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးအဖွဲ့က ပြောကြားခဲ့ကြသည်။

ပေါက်ကွဲမှုအပြီးတွင် သေနတ်ပစ်ခတ်သံများကိုကြားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပြီး ထို့နောက်တွင် နာဆာဟတ်လော့ဒ်ဟိုတယ် ၂ အနီးရှိ အခင်းဖြစ်ပွားခဲ့ရာ ဧရိယာတစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲ့ များက ပိတ်ဆို့ထားခဲ့သည်။

လူပေါင်း ၃၅၈ ဦးထက်မနည်း သေဆုံးခဲ့ရသော မိုဂါဒစ်ရှုမြို့လယ်ခေါင် ဗုံးပေါက်ကွဲမှုအပြီး နှစ်ပတ်ခန့်အကြာ တွင် ယခုလို ကားဗုံးနှစ်လုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အယ်လ်ကေးဒါးအဖွဲ့နှင့် အဆက်အသွယ်ရှိသော ရှာဘတ်အကြမ်းဖက်အဖွဲ့က စနေနေ့တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့်ပက်သက်၍ ၎င်းတို့၏ရေဒီယိုဌာနမှ ထုတ်ပြန်ခဲ့သောကြေညာချက်ထဲ၌ ၎င်းတို့၏တပ်သားများ သည် ဟိုတယ်အတွင်းသို့ ဝင်ရောက်ရန်လည်းကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

“မူဂျာဟစ်ဒင်တပ်သားတွေဟာ ဖောက်ပြန်ရေးသမား အာဏာပိုင်တွေတည်းခိုနေတဲ့ နာဆာဟတ်လော့ဒ် ဟိုတယ်အတွင်းထဲထိ ဝင်ရောက်နိုင်ခဲ့ပါတယ်” ဟု ရှာဘတ်အဖွဲ့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

မိုဂါဒစ်ရှုးမြို့ရှိ အရေးလူနာတင်ယာဉ်အဖွဲ့သည် သေဆုံးသူများ၏အလောင်းများနှင့် ဒဏ်ရာရရှိသူ ၁၇ဦးကို ကယ်ထုတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ဒါရိုက်တာ အက်ဘ်ဒူကာဒါအက်ဘ်ဒူရာမန်က ပြောခဲ့သည်။

“ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာတဲ့ကားတစ်စီးဟာ နာဆာဟတ်လော့ဒ်ဟိုတယ်အဝင်ဝမှာ ပေါက်ကွဲသွားခဲ့ ပါတယ်။ ပြီးတော့ သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ပါတယ်” ဟု ရဲအရာရှိ အီဘရာဟမ်မိုဟာမက်က ပြောခဲ့ပြီး ထို့နောက်တွင် လမ်းဆုံတစ်ခု၌ မီနီဘတ်စ်ကားတစ်စီး ထပ်မံပေါက်ကွဲခဲ့ကြောင်း သူက ဆက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly