ဆေးဝါးစွဲဲမှု ပြဿနာကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ထရမ့် ကြေညာ

ဆေးဝါးစွဲဲမှု ပြဿနာကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ထရမ့် ကြေညာ

 

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၇ ။          ။ ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံအတွင်း ဆေးဝါးအလွဲသုံးမှုကြောင့် သေဆုံးသူဦးရေ ၆၄၀၀၀ ကျော် ရှိထားသဖြင့် သမ္မတ ထရမ့်က ပြည်သူ့ကျန်းမာရေး အရေးပေါ် ကြေညာလိုက်သည်။

ဆေးဝါးများအား မူးယစ်ဆေးအဖြစ် စွဲမှု ပြဿနာသည် ကမ္ဘာ့သမိုင်းတွင် အဆိုးဆုံးဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အဖြစ် ကြေညာရမည်ဖြစ်ကြောင်း အိမ်ဖြူတော်အခမ်းအနားတစ်ရပ်တွင် ထရမ့်က ပြောသည်။
 
ထိုသို့ အရေးပေါ်ကြေညာခြင်းအားဖြင့် အကိုက်အခဲပျောက်ဆေးကဲ့သို့ ဆေးဝါးများ စွဲနေမှုကို တိုက်ဖျက်နိုင်ရန် ဗဟိုနှင့် ပြည်နယ်အဆင့် ရန်ပုံငွေများ ပိုမိုခွဲဝေသုံးစွဲနိုင်ခွင့် ရှိမည်ဖြစ်သည်။ အမေရိကန်တွင် OxyContin နှင့် Vicodin ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ စွဲနေသူနှုန်းထားသည် ဘိန်းဖြူပြီးလျှင် အများဆုံးဆေးစွဲမှုလည်းပဲ ဖြစ်သည်။

“ဒီပြဿနာက နေ့တိုင်း ကြုံနေရတာပဲ။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆေးဝါးစွဲမှု ပြဿနာကို ဗဟိုဥပဒေအရ အမျိုးသားပြည်သူ့ကျန်းမာရေးအရေးပေါ်အဖြစ် တရားဝင်ကြေညာပါတယ်။ ဒီဆေးဝါးစွဲမှု ပြဿနာကို တိုက်ဖျက်ရေးအတွက် သင့်တော်တဲ့ အခွင့်အာဏာအားလုံး အသုံးပြုနိုင်အောင် သက်ဆိုင်ရာအထူးအေဂျင်စီအားလုံးကို ကျွန်တော် အမိန့်ညွှန်ကြားထားတယ်။”ဟု ထရမ့်က ဆိုသည်။

အောက်တိုဘာ ၂၆ ရက်က သမ္မတ ထရမ့်သည် သမ္မတမှတ်တမ်းလွှာတစ်ရပ်ကို လက်မှတ်ထိုး ထုတ်ပြန်သည်။ ထိုမှတ်တမ်းလွှာအရ ကျန်းမာရေးဝန်ကြီး အဲရစ်ဟာဂန်ကို ပြည်သူကျန်းမာရေး အရေးပေါ် ကြေညာမိန့် ထုတ်လိုက်ခြင်းဖြစ်ကာ ဆေးစွဲမှုပြဿနာကို အစိုးရဌာနအားလုံး အဓိကထား နှိမ်နင်းရရေး ထုတ်ပြန်လိုက်ခြင်းလည်းပဲ ဖြစ်သည်။
 
“ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ ဒီဘေးဆိုးကြောင့် ဘယ်သူမှ မလုံခြုံနိုင်ဘူး။ ငယ်ငယ်၊ ကြီးကြီး၊ အိုအို ပြီးတော့ ဆင်းရဲချမ်းသာ၊ တောနေမြို့နေ အကုန်လုံးကို ခြိမ်းခြောက်နေတဲ့   ပြဿနာပဲဖြစ်တယ်။ ဆေးဝါးလွန်ကျွံသုံးစွဲမှုတွေက အမေရိကန်မှာ မတော်တဆမှုတွေကို ပေါ်ပေါက်စေတယ်။”ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly