သမ္မတကနေဒီလုပ်ကြံခံရမှု၏ အမှုတွဲဖိုင်များကို အမေရိကန်ထုတ်ပြန်

သမ္မတကနေဒီလုပ်ကြံခံရမှု၏ အမှုတွဲဖိုင်များကို အမေရိကန်ထုတ်ပြန်

 

ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၂၇ ။               ။ ကာလရှည်ကြာမျှော်လင့်စောင့်ဆိုင်းနေသော သမ္မတဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှု၏ လျှို့ဝှက်ဖိုင်တွဲများကို အမေရိကန်အစိုးရက ကြာသာပတေးနေ့တွင် ထုတ်ပြန်ပြသခဲ့သည်။ သို့သော်လည်း အမျိုးသားလုံခြုံရေး အခြေအနေအရ အခြားကျန်ရှိနေသေးသော ဖိုင်တွဲများကို ဆက်လက်ပြီးလေ့လာရန်အတွက် ထုတ်မပေးဘဲ ထိမ်ချန်ထားခဲ့သည်။

အမျိုးသားမော်ကွန်းတိုက်၏ ထုတ်ပြန်ချက်ထဲ၌ လက်ရှိသမ္မတဒေါ်နယ်ထရမ့်၏ အမိန့်အရ လွန်ခဲ့သော ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့၌ လုပ်ကြံခံခဲ့ရသော ကနေဒီ၏အမှုတွဲ မှတ်တမ်း ၂၈၉၁ ခုကို ၎င်းတို့အနေဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ထိုအချက်အလက်များထဲ၌ အံ့သြသင့်လောက်စရာ ဖွင့်ချချက်များ သို့မဟုတ် လုပ်ကြံမှုနှင့် ပက်သက်၍ လျှို့ဝှက်ပူးပေါင်းကြံစည်သည်ဟု ယူဆထားကြသည့် များပြားလှသော သီအိုရီများကို ဖြေရှင်း ပေးနိုင်မည့် အချက်အလက်များ မပါဝင်ကြောင်း သိရသည်။

ထိုအမှုတွဲဖိုင်များသည် အရေအတွက်အရများပြားသော်လည်း အမေရိကန်သမိုင်း၌ မမေ့နိုင်စရာအခိုက်အတန့် ဖြစ်သော ထိုလုပ်ကြံမှုနှင့်ပက်သက်၍ သဲလွန်စများပေးနိုင်ရန်အတွက် အကူအညီပေးခဲ့ကြသော ဒါးလက်စ်မြို့မှ ပြည်သူများနှင့် အင်တာဗျူးလုပ်ခဲ့သည့် FBI ညွှန်ကြားရေးမှူး၏ မှတ်တမ်းများကို ဖုံးကွယ်ထားကြောင်း သိရ သည်။

လုပ်ကြံမှုနှင့်ပက်သက်သော မှတ်တမ်းများကို ပြန်လည်ဆန်းစစ်ရန်အတွက် ထိုမှတ်တမ်းများကို ဆက်လက် လျှို့ဝှက်ထားဖို့ သူကိုယ်တိုင် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က FBI ညွှန်ကြားရေးမှူး၏ မှတ်တမ်းနှင့် ပက်သက်၍ ပြောဆိုခဲ့သည်။ အမည်မဖော်လိုသော အရာရှိများ၏ပြောကြားချက်အရ CIA နှင့် FBI တို့သည် ထိုအချက်အလက်များကို ထိန်ချန်ထားရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်အုပ်ချုပ်မှုဌာနတွေနဲ့ အေဂျင်စီတွေက အမျိုးသားလုံခြုံရေး၊ ဥပဒေထိန်းသိမ်းရေးနှင့် နိုင်ငံခြားရေးရာ ကိစ္စတွေကြောင့် ဒီအချက်အလက်တွေကို ဆက်လက်ပြီးတည်းဖြတ်ပစ်ဖို့ ကျနော့်ကိုတောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာနိုင်တဲ့ကိစ္စတွေကြောင့် ဒီအချက်အလက်တွေကို တည်းဖြတ်ပစ် တာကို လက်ခံဖို့ကလွဲလို့ ကျနော့်မှာ ရွေးချယ်စရာမရှိပါဘူး” ဟု ထရမ့်က ပြောခဲ့သည်။

သို့သော်လည်း ထရမ့်က သူသည် ထိုကျန်ရှိနေသေးသော အချက်အလက်များကို မည်သည့်အကြောင်းပြချက် ကြောင့် ပြည်သူလူထုအား ချမပြသင့်သည့်ကိစ္စအား ဖြေရှင်းပေးရန်အတွက် ထိုအေဂျင်စီများကို လာမည့် ၂၀၁၈ ဧပြီ ၂၆ ရက်နေ့အထိ အချိန် ၆လ ပေးထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags