ထိုင်းဘုရင်ကြီး အလောင်းတော်အား သန္ဓေသားပုံစံဖြင့် ထည့်သွင်းရသော အရိုးအိုးဖြင့် မပို့ဆောင်ဘဲ ခေါင်းတလားဖြင့်သာ ပို့ဆောင်

ထိုင်းဘုရင်ကြီး အလောင်းတော်အား သန္ဓေသားပုံစံဖြင့် ထည့်သွင်းရသော အရိုးအိုးဖြင့် မပို့ဆောင်ဘဲ ခေါင်းတလားဖြင့်သာ ပို့ဆောင်

ဘန်ကောက်၊ အောက်တိုဘာ ၂၆ ။        ။ ထိုင်းဘုရင်ကြီး ဘူမိဘော၏ အောက်တိုဘာ ၂၆ ရက် ဈာပနတွင် ဘန်ကောက်ရှိ နန်းတော်ရာမှ လောင်တိုက်တော်သို့ တော်ဝင်အရိုးအိုးအား လူစီတန်း ပို့ဆောင်မှုကို ပြုလုပ်သည်။

ယနေ့ ညပိုင်းတွင် မီးသဂြိုလ် ဈာပနချမည့် ကိုးဆက်မြောက် ရာမဘုရင်ဖြစ်သော ဘူမိဘော၏ ရုပ်ကလာပ်တော်မှာ အောက်တိုဘာ ၂၅ ရက်ကပင် တော်ဝင်နန်းတော်ရာ နားတွင် ရှိသော Sanam Luang ရင်ပြင်တော်သို့ ပို့ဆောင်ထားပြီးဖြစ်သည်။

အတိတ်ကဆိုလျှင် တော်ဝင် မင်းညီမင်းသား ဆွေတော်မျိုးတော်များအား အသုဘချရာတွင် ရွှေရောင်အရိုးအိုးကြီး Golden Urn အတွင်း သန္ဓေသားပုံစံ ထည့်သွင်းကာ လောင်တိုက်တော်သို့ ပို့ဆောင်ကာ အသုဘချခြင်းဖြစ်သော်လည်း ဘုရင်ကြီး ဘူမိဘောကမူ ၎င်း၏ ရုပ်အလောင်းကို ခေါင်းတလားဖြင့် ထားခြင်းအား နှစ်သက်တော်မူသည်ဟု ဆိုထားခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ယခု ဘုရင်ကြီး၏ ဈာပနတွင် အရိုးကြီးအတွင်း ရုပ်အလောင်းတော်အစား ဘုရင်ကြီး၏ အမည်နာမတော်၊ မွေးနေ့တော်တို့ ရိုက်နှိပ်ထားသည့် ဂုဏ်ပြုမော်ကွန်းကိုသာ ထည့်သွင်းသယ်ဆောင်ခြင်းဖြစ်သည်။

ထိုအရိုးအိုးအား စီတန်းပို့ဆောင်ရာတွင် ယူနီဖောင်းအပြည့် စစ်သားများ ၄၁၀၀ ကျော်အပြင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ဟိန္ဒူဘုန်းတော်ကြီးများ ပါဝင်ကြသည်။

ရောက်ရှိနေကြသော အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကြသည့် ထောင်ပေါင်းများစွာသော ထိုင်းပြည်သူများမှာလည်း ဒူးထောက်ကာ ဘုရင်ကြီးအား ရိုသေခစားလျက် ဈာပနပို့ဆောင်မှုကို ငြိမ်ဆိတ်စွာ ကြည့်ရှုနေကြသည်။

နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံပေါင်း ၂၀ ကျော်ထက်မနည်းက တော်ဝင်မိသားစုအသိုင်းအဝန်းဝင်များလည်း ဘုရင်ကြီးဘူမိဘော၏ ဈာပနအသုဘသို့ တက်ရောက်ကြသည်။

ဘုရင်ကြီးဘူမိဘောသည် သက်တော် ၈၈ နှစ်အရွယ် ၂၀၁၆ အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံကံတော်ကုန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly