ရန်ကုန် ၊ အောက်တိုဘာ ၂၆ ။ ။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများမှ ရပ်ကွက်အတွင်းဖွံ့ဖြိုးရေးအကြောင်းပြချက်ဖြင့် ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ အလှူငွေကြေး ကောက်ခံခွင့်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လွှတ်တော်၌ ပြောဆိုလိုက်သည်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများအနေဖြင့် ရပ်ကွက်ကျေးရွာဖွံ့ဖြိုးရေးအကြောင်းပြချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အလှူငွေကြေးကောက်ခံခွင့် မရှိပါဘူး" ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ဆိုသည်။
ယနေ့အောက်တိုဘာ ၂၆ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ "စီးပွားရေးလုပ်ငန်းရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ အလှူငွေကြေးကောက်ခံခွင့် ရှိပါသလား" ဆိုသည့် မေးမြန်းမှုကို ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အသုံးစရိတ်များအား နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းများမှ တဆင့် မြို့နယ်အလိုက် သင့်တော်သည့် ရန်ပုံငွေများကို ညွှန်ကြားချက်အတိုင်း သုံးစွဲရခြင်းဖြစ်ပြီး ပြည်ထောင်စု ဖွံ့ဖြိုးရေးရန်ပုံငွေ ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေများနှင့် ခွင့်ပြုချက် ချထားပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရပ်ကွက်အတွင်း၌ ကော်မတီဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုး၏ ဖြေဆိုချက်အရ သိရသည်။
သို့သော်လည်း မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အလှူငွေကောက်ခံမှုများ ပြုလုပ်နေခြင်းများ ရှိနေပြီး ယင်းငွေကြေးများ အား ပွင့်လင်းမြင်သာမှုရှိစွာ ငွေကြေးရှင်းတမ်းများ ထုတ်ပြန်ခြင်းများလည်း မရှိကြောင်း လွှတ်တော်၌ မေးမြန်းရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။