ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကို သတ်မှုမှ သံသယရှိ အမျိုးသမီးနှစ်ဦးကို အခင်းဖြစ်ရာ လေဆိပ်သို့ ခေါ်ထုတ်လာ

ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကို သတ်မှုမှ သံသယရှိ အမျိုးသမီးနှစ်ဦးကို အခင်းဖြစ်ရာ လေဆိပ်သို့ ခေါ်ထုတ်လာ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၄ ။         ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြောက်ကိုရီးယား၏ ခေါင်းဆောင် ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်အား သတ်ဖြတ်မှုဖြင့် သံသယရှိ အမျိုးသမီးနှစ်ဦကို အောက်တိုဘာ ၂၄ ရက်က ခေါ်ထုတ်လာခဲ့သည်။

မီဒီယာများ၊ စူးစမ်းကြည့်ရှုသူများ ဒါဇင်များစွာ အလယ် ၎င်းသံသယတရားခံနှစ်ဦးကို တရားသူကြီး၊ အမှု တရားလိုနှင့် တရားခံ ကိုယ်စားလှယ်ရှေ့နေများ ခြံရံကာ ကင်ဂျုံးနမ် လုပ်ကြံခံရသည့် နေရာများသို့ လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ သွားလာသည့် နေရာများတွင် လေဆိပ်ထွက်ခွာရာခန်းမ၊ စားသောက်ဆိုင်များ၊ ကင်ဂျုံးနမ်ကို ဆေးကုသခဲ့သော ဆေးပေးခန်းတို့လည်း အပါအဝင် ဖြစ်သည်။

ကျည်ကာအကျီၤများ ဝတ်ဆင်ပေးထားသည့် သံသယတရားခံ ဗီယက်နမ်အမျိုးသမီး Doan Thi Huong နှင့် အင်ဒိုနီးရှား အမျိုးသမီး Siti Aisyah တို့က အခင်းဖြစ်ရာ နေရာများတစ်ဝိုက် ပထမတွင် ခြေလျင် သွားကြခြင်းဖြစ်သော်လည်း နောက်ပိုင်း ပင်ပန်းနွမ်းလျခြင်းကြောင့် ဘီးတပ်ကုလားထိုင်များဖြင့် သွားလာစေခြင်းဖြစ်သည်။

ထိုသို့ လူသတ်မှု ဖြစ်ရာ နေရာအား လာရောက်လာခြင်းဖြစ်သော်လည်း မူခင်းကျူးလွန်မှု သရုပ်ပြမှုကိုမူ ၎င်းတို့က လုပ်ဆောင်ကြခြင်း မရှိကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီ ၁၃ ရက် လေဆိပ်တွင် ကင်ဂျုံးနမ်သည် မကာအိုသို့ ထွက်ခွာရန် စောင့်ဆိုင်းစဉ် ယင်းအမျိုးသမီးနှစ်ဦးက မျက်နှာအား မှုတ်ဆေးဖြင့် ဖျန်းပက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖျန်းပက်ခြင်း ခံရပြီးနောက် ကင်ဂျုံးနမ်သည် ဝေဒနာခံစားရကာ သေဆုံးခဲ့သည်။

နောက်ပိုင်း စစ်ဆေးချက်များအရ ဖျန်းပက်သည်မှာ ကုလသမဂ္ဂက ဖျက်အားပြင်း လက်နက်စာရင်းသွင်းထားသော အာရုံကြောများ ထိခိုက်ပျက်စီးစေသည့် VX အဆိပ်ဓာတ်တစ်မျိုးဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသမီးနှစ်ဦးကမူ ၎င်းတို့သည် နောက်ပြောင်မှု ရုပ်သံလွှင့် အစီအစဉ်အတွက် သရုပ်ဆောင်ရသည်ထင်ကာ လူတစ်ချို့က ပိုက်ဆံပေး စေခိုင်းခြင်းကြောင့် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly