မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၏ နောက်ကျောမှ ရွှေများကို စတီးပိုက်လုံးနှင့် ခြစ်ကာခိုးယူသူအား ယမန်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းက မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ရွှေများခိုးယူနေခြင်းကို အောက်တိုဘာလ(၁၈)ရက်နေ့ CCTV မှတ်တမ်းမှ သိရှိခဲ့ပြီး ခိုးယူသူကို ယမန်နေ့က စတီးပိုက်လုံးနှင့်အတူ ဖမ်းဆီရမိခြင်းဖြစ်သည်။
'' ၁၈ရက်နေ့မှာ ခြစ်ပြီး ရွှေခိုးသွားတာကို CCTV ကနေ ညနေပိုင်းမှ သိရတယ်။ နောက်တစ်ရက် ၁၉ရက်နေ့မှာ သူ ထပ်လာတယ်ဆိုတာ သိတော့ အထွက်မှာ ထိန်းသိမ်းလိုက်နိုင်တာပါ၊ သူ လောဘမတက်ပဲ ပြန်မလာခဲ့လို့၊ မဖမ်းမိရင် မန္တလေးမြို့သူ မြို့သားတွေ အားလုံး စိတ်နှလုံး ညှိုးနွမ်းနေရမှာပါ၊ CCTV မှတ်တမ်းကြည့်ပြီး ဖမ်းဆီးဖို့ ပြင်ဆင်ချိန်မှာ သ့ူကို ဖမ်းမိခဲ့တယ်၊ သာမန်အမှုကျူးလွန်သူက နောက်တစ်ရက် လာတာ ထုံးစံမရှိပါဘူး၊ သက်ဆိုင်ရာ အစောင့်အရှောက်တွေက ပြန်ပို့လိုက်တယ်လို့ အောက်မေ့ရပါတယ်၊ (၂၄)နာရီအတွင်း ဖမ်းဆီးရမိခဲ့တာပါ '' ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းက ပြောသည်။
ရွှေသားများကို ခွာယူနေသူမှာ ထွန်းအောင်ကျော်(၃၀)နှစ်(ဘ)ဦးမြင့်ခိုင်၊ မဟာအောင်မြေမြို့နယ်နေသူဖြစ်သည်။ ၎င်းအား ရွှေခွာရာတွင်အသုံးပြုသည့် အချင်း (၁)လက်မခန့်၊ အရှည် (၄)လက်မခန့်စတီးပိုက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ခိုးယူသူအား ဖမ်းဆီးရမိစဉ် စစ်ဆေးချက်အရ ယင်းစတီးပိုက်လုံးဖြင့် ရွှေများ ခြစ်ယူမူကို ပြုလုပ်သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ခိုးယူသူအား အမှတ်(၁၀)ရဲစခန်းသို့ လွှဲပြောင်းပေးကာ အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်ထားသည်။
'' ဘုရားရွှေ လွှင့်မှာစိုးလို့ တစ်ရက်ကို နှစ်ကြိမ် ဂွမ်းနဲ့ ပြန်ဖိတယ်၊ ဖိဂွမ်းတွေ သစ်စေးသုတ်တဲ့ ပစ္စည်းတွေကို လာအပ်ရတယ်၊ လာအပ်တဲ့အချိန် အစောင့်အရှောက်နည်းသွားတယ်၊ အဲလိုအချိန်မှာ အခုလိုကိစ္စဖြစ်ခဲ့တယ်၊ နောက်ပိုင်း ဒီအချိန် အထူးဂရုစိုက်ကြည့်သွားမယ်၊ ဘုရား နောက်ကျောတော်အပိုင်းကို CCTV နဲ့ အထူးဂရုစိုက်ကြည့်သွားမှာဖြစ်သလို လုံခြုံရေးတွေကလဲ အထူးဂရုစိုက်ကြည့်သွားမှာပါ '' ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းက ယနေ့ သတင်စားရှင်းလင်းပွဲတွင်ပြောသည်။
ရွှေခိုးယူသူ ထွန်းအောင်ကျော်အား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းတွင် (ပ)၄၀၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၂၉၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။