ရန်ကုန် ၊ အောက်တိုဘာ ၂၀။ ။ Hip Hop အဆိုတော် ရဲနောင်သည် မွေးနေ့ အမှတ်တရ အဖြစ် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ Free Show ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း အောက်တိုဘာ ၁၉ ရက်တွင် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အတွက် ယခုအခါတွင် Yangon International Hotel အပေါ်ဆုံးထပ်ရှိ Sky Bar တွင် ပြောင်းလဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုတော် ရဲနောင် အနေဖြင့် ၎င်း၏ မွေးနေ့ ဖြစ်သည့် အောက်တိုဘာ ၂၁ ရက်တွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ရှိ Club House တွင် Free Show ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် နေရာ ပြောင်းလဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်။
အဆိုတော် ရဲနောင် က “ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ကျွမ်းခဲ့သည့် အတွက် ထိခိုက်နစ်နာ ဆုံးရှုံးသွားတဲ့သူတွေ အလုပ် လက်မဲ့ ဖြစ်သွားတဲ့ ဝန်ထမ်းတွေ အားလုံးအတွက် ထပ်တူထပ်မျှ စိတ် မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အောက်တိုဘာလ ၂၁ရက်နေ့ ကျွန်တော့်မွေးနေ့ Free Show ကို Club Houe မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကိစ္စတွေကြောင့် ကျွန်တော်တို့ နေရာ အပြောင်း အရွှေ့ လုပ်လိုက်ရပါတယ်။ အားလုံးပြန်ပြီး အစအဆုံး စီစဉ်လိုက်ရပါတယ်။ နေရာပြောင်းလဲလိုက်တာကလွဲလို့ပါမယ့် အဆိုတော် တွေ နေ့ရက် အချိန်အစီအစဉ် အပြောင်းအလဲ မရှိပါဘူး” ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဗီဒီယိုနှင့်တကွ ပြောခဲ့သည်။
ထို Free Show တွင် အဆိုတော် ရဲနောင် မှ တေးသီချင်း အပုဒ် ၂၀ကျော် သီဆိုမည် ဖြစ်ပြီး ၎င်းနှင့် Featuring သီဆိုခဲ့ဖူးသည့် အဆိုတော်များလည်း ပါဝင်မည် ဖြစ်ကာ တခြားသော အဆိုတော်များလည်း ပါဝင် ဖျော်ဖြေ ကြမည် ဖြစ်သည်။
မွေးနေ့ Free Show ကို Yangon International Hotel အပေါ်ဆုံးထပ်ရှိ Sky Bar တွင် ည ၈ နာရီ မှ ၁၂ နာရီ အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပရိသတ်များနှင့်အတူ မွေးနေ့ ကိတ်မုန့် ခွဲပြီး ပျော်ပျော်ပါးပါး ကျင်းပပြုလုပ် မည် ဖြစ်ကာ ပထမဆုံး လာရောက်သည့် အယောက် ၁၀၀ ကို ၎င်းပုံ ပါသည့် တီရှပ်ကိုလည်း လက်ဆောင်ပေး သွားမည် ဖြစ်ပြီး Lucky Draw အစီအစဉ်များလည်း ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုတော် ရဲနောင် သည် ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် အနုပညာ လုပ်ငန်းမှ ရရှိသည့် အနုပညာကြေး အားလုံး ၏ ၂၀% ကို မြန်မာတစ် နိုင်ငံလုံးတွင် ရှိသည့် မီးဘေးသင့်ပြီး ပြန်လည် ထူထောင်မှုများ ပြုလုပ်နေသည့် နေရာ နှင့် အသင်းအဖွဲ့များကို လှူဒါန်းရန်လည်း စီစဉ်ထားသည်။